ဖဒိုမန်းရှာ လုပ်ကြံခံရတာ ၁၀ နှစ်ပြည့်ပြီ

  • 14 ဖေဖော်ဝါရီ 2018
ဓာတ်ပုံ မူပိုင် Zoya Phan's facebook
Image caption ဖဒိုမန်းရှာ

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်ဟာ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ ခေါင်းဆောင် ဖဒိုမန်းရှာ ကွယ်လွန်ခဲ့တာ ၁၀ နှစ်ပြည့်မြောက်တဲ့ နေ့လည်း ဖြစ်ပါတယ်။

၂၀ဝ၈ ခုနှစ်တုန်းက ထိုင်းနိုင်ငံ မဲဆောက်မြို့က နေအိမ်မှာ လုပ်ကြံခံခဲ့ရတဲ့ ဖဒိုမန်းရှာဟာ ကရင်အသိုင်းအဝိုင်းထဲမှာသာမက အခြားနိုင်ငံရေးမဟာမိတ် အင်အားစုတွေအပေါ်မှာပါ သြဇာရှိခဲ့သူ ကေအန်ယူ အထွေထွေအတွင်းရေးမှူးဟောင်း တဦးလည်းဖြစ်ပါတယ်။

သူလုပ်ကြံခံရတာ ၁၀ နှစ်ပြည့်ပြီ ဖြစ်ပေမယ့် အခုထိ တရားခံကို မမိခဲ့ပါဘူး။ ငယ်နာမည် မန်းချစ်ဆွေ တော်လှန်ရေးနဲ့ နိုင်ငံရေးနာမည် မန်းရှာလာဖန်း ဖြစ်တဲ့ ဖဒိုမန်းရှာဟာ ပန်းတနော်မြို့နယ် ဇာတိဖြစ်ပြီး ၁၉၆၂ ခုနှစ် ဆဲဗင်းဇူလိုင် ကျောင်းသား အရေးအခင်းမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် တဦးလည်း ဖြစ်ပါတယ်။

ဆဲဗင်းဇူလိုင်အရေးအခင်း အပြီးမှာတော့ ကေအန်ယူထဲ ဝင်ရောက်ခဲ့ပြီး ၁၉၈၄ ခုနှစ်မှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစုဖြစ်တဲ့ NDF အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစုမှာ သဘာပတိ ဖြစ်လာခဲ့သလို အန်ဒီအက်ဖ် တပ်ဖွဲ့ ရဲ့ ကရင်နီထိုင်း နယ်စပ်ကနေ ရှမ်းပြည်နယ်ကို ဖြတ်လို့ ကချင်ပြည်နယ် ကေအိုင်အေနယ်မြေ အထိ သွားရောက်တဲ့ ခရီးရှည် ချီတက်စည်းရုံးမှုမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။

အဲဒီနှစ်မှာပဲ ကေအန်ယူ ဥက္ကဋ္ဌ စောဘိုမြရဲ့ ကိုယ်ရေးအရာရှိ ဖြစ်လာသလို ၈ လေးလုံး အရေးတော်ပုံအပြီး ကျောင်းသားအင်အားစုတွေ နယ်စပ်ကို ရောက်လာတော့လည်း ကျောင်းသား သမဂ္ဂ ခေါင်းဆောင်ဟောင်း တဦးဖြစ်တဲ့ ဖဒိုမန်းရှာဟာ ကျောင်းသားများ စုစည်းရေးနဲ့ ပေါင်းစည်း ညီညွတ်ရေး လုပ်ငန်းကို အားသွန်ခွန်စိုက် ကူညီပေးခဲ့သူဖြစ်ပါတယ်။

၁၉၉၅ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အထိ ကေအန်ယူနဲ့ စစ်အစိုးရတို့အကြား ပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုတွေမှာလည်း အဖွဲ့ခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့သလို ၂၀ဝ၀ ပြည့်နှစ်မှာ ပြုလုပ်တဲ့ ကေအန်ယူရဲ့ ၁၂ ကြိမ်မြောက် ကွန်ဂရက်ကနေ သူ့ကို အထွေထွေအတွင်းရေးမှူး အဖြစ် ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

ကေအန်ယူနဲ့ အခြားမဟာမိတ်တွေ အကြား ဆက်ဆံရေးနဲ့ ကေအန်ယူရဲ့ တိုင်းရင်းသား မဟာမိတ်တွေ အပေါ် ဦးဆောင်မှု အခန်းကဏ္ဍဟာ သူကွယ်လွန်ပြီးတော့ သူရှိစဉ်ကလောက် မကောင်းတော့ဘူးလို့ ကရင် တိုင်းရင်းသား အချို့က ဆိုကြပါတယ်။

ဓာတ်ပုံ မူပိုင် ABSDF
Image caption ၁၉၆၂ ခုနှစ် ဆဲဗင်းဇူလိုင် ကျောင်းသားအရေးအခင်းမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် တဦးလည်း ဖြစ်

ဖဒိုမန်းရှာဟာ ဘိုမြနောက်ပိုင်း ကေအန်ယူခေါင်းဆောင်တွေ အထဲမှာ ခေါင်းဆောင်မှု အရည်အသွေးအမြင့်ဆုံး ခေါင်းဆောင်ဖြစ်လို့ ကရင်လူထုရဲ့ ထောက်ခံမှုလည်း ရရှိသူဖြစ်တယ်၊ နောက်ပိုင်းခေါင်းဆောင်တွေက သူ့နေရာနဲ့ သူတော်ကြပေမယ့် သူ့လောက် လူတွေရဲ့ ယုံကြည်ကိုးစားမှုကို မရခဲ့တဲ့ အတွက် ဖဒိုမန်းရှာ လုပ်ကြံခံရမှုဟာ ကရင်အမျိုးသားတွေ အတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ စောကလိုစေးက ပြောပါတယ်။

သူ့ရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ကြောင့် လုပ်ကြံခံခဲ့ရတာလို့ ထင်မြင်မိကြောင်းလည်း စောကလိုစေးက ပြောသလို သူကွယ်လွန်ပြီးနောက် ကေအန်ယူမှာ ခေါင်းဆောင် လေဟာနယ် ဖြစ်မှုတွေနဲ့ ကြုံရသလားဆိုတာ စဉ်းစားစရာ ဖြစ်စေတယ် လို့လည်း ပြောပါတယ်။

ဖဒိုမန်းရှာ ကွယ်လွန်ပြီး ၄ နှစ်အကြာမှာတော့ ကေအန်ယူဟာ အစိုးရနဲ့ အပစ်ရပ်စဲရေး ပြုလုပ်ခဲ့သလို ၂ဝ၁၅ ခုနှစ်မှာတော့ အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။

ကရင်အမျိုးသား တော်လှန်ရေးသမိုင်းမှာတော့ ဖဒိုမန်းရှာဟာအထက်မြက်ဆုံးနဲ့ နိုင်ငံရေး ဂုဏ်သိက္ခာ အကြီးမားဆုံး ခေါင်းဆောင်တစ်ဦးပါ။ နိုင်ငံရေးသိက္ခာမဲ့တဲ့ တွေ့ဆုံဆွေးနွေးမှုမျိုးမှာ မနစ်မြောကြဖို့ ခဏခဏ သတိပေးခဲ့ဖူးသလို သူ့စကားတွေက အခုနိုင်ငံရေး အခင်းအကျင်း အထိ မှန်နေ အကျုံးဝင်နေတုန်းပါပဲ လို့ ကရင်တိုင်းရင်းသားတဦး ဖြစ်တဲ့ စောကပီက ဘီဘီစီကို ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ