သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို သေဒဏ် ပေးဖို့ မတ္တရာ ဒေသခံတွေ တောင်းဆို

  • 18 ဖေဖော်ဝါရီ 2018
Image caption ကလေးငယ်တွေကို အဓမ္မပြုကျင့်မှု မနှစ်ကထက် ပိုတိုးလာနေတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ဖေါ်ပြ

မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့သူတဦးကို လူထုရှေ့မှောက် သေဒဏ် စီရင်ဖို့ ဒေသခံ တထောင်ကျော်က လမ်းမပေါ်ထွက် တောင်းဆို ဆန္ဒပြ ခဲ့ကြပါတယ်။

အဲဒီ သက်ငယ် မုဒိမ်းမှု ကျူးလွန်သူဟာ မတ္တရာမြို့နဲ့ ၅မိုင်လောက် ဝေးတဲ့ ဥဒိန်အုပ်စု မြွေကူးတို့ဆိပ်ရွာက အသက် ၂၃နှစ်အရွယ် အိမ်ထောင်ရှင် ဖြိုးထက်အောင် ဆိုသူဖြစ်ပြီး ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က အိမ်နီးချင်း အသက် ၂နှစ်ကျော် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့အတွက် သူ့ကို သေဒဏ်ပေးဖို့ မတ္တရာ မြိုခံတွေက တောင်းဆိုခဲ့ကြတာပါ။

အဲဒီကလေးမလေးကို ဖခင် ဖြစ်သူက တဖက် ဘွားအေအိမ်မှာ အပ်ထားပြီး ထင်းတင်ဖို့ အသွားမှာ ဖြိုးအောင်ထက်က ကလေးငယ်ကို ရွာပြင် ငှက်ပျောတောထဲ ခေါ်သွားပြီး မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တာလို့ ကလေးမလေးရဲ့ ဘွားအေက ပြောပြပါတယ်။

ဒီလို အဓမ္မပြုကျင့် လူသတ်ခဲ့သူ ဖြိုးထက်အောင်ကို သူတို့ကျေးရွာ အပိုင် ရေနံသာ ရဲစခန်းမှာ လူသတ်မှု ၊ မုဒိမ်းမှုတွေနဲ့ ဖမ်းဆီးပြီး ထောင်ကြီးချုပ်ကို ပို့ထားတယ်လို့ ရေနံ့သာ ရဲစခန်းမှာ တာဝန်ကျတဲ့ ရဲအုပ်ကပြောပါတယ်။

ဒီနှစ် ဖေဖေါ်ဝါရီလ ထဲမှာတင် မန္တလေးမြို့မှာ သက်ငယ် မုဒိမ်းမှု နှစ်မှု ဖြစ်ခဲ့သေးသလို နေပြည်တော်၊ ရေနံချောင်း၊ မင်းလှ၊ ရန်ကုန်၊ စမ်းချောင်း စတဲ့မြို့တွေမှာလည်း အသက် ၁၃နှစ်အောက် ကလေးငယ်တွေ အဓမ္မ ကျင့်ခံရတဲ့ သတင်းတွေ တွေ့ရပါတယ်။

သက်ငယ် မုဒိမ်းမှု ပိုများလာနေ

ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းထဲမှာ အသက် ၁၆နှစ်အောက် ကလေးတွေ အဓမ္မ ပြုကျင့်ခံရမှုဟာ အရင်နှစ်ကနဲ့ စာရင် ၂၀၀ ကျော် တက်လာတယ်လို့ ဖေါ်ပြ ထားပါတယ်။

အခုအခါ သက်ငယ် မုဒိမ်းမှုတွေကို သေဒဏ် ပေးဖို့ လမ်းပေါ်ထွက် ဆန္ဒပြ တောင်းဆိုကြသလို လွှတ်တော် အတွင်းမှာလည်း အဆိုတင် တောင်းဆိုမှုတွေ ရှိလာနေပါတယ်။