ဝန်ကြီးဌာနတွေ တင်တဲ့ ဘတ်ဂျက် ဘီလျံ ၁၀၀ ကျော် ဖြတ်သင့်

  • 19 ဖေဖော်ဝါရီ 2018
ဓာတ်ပုံ မူပိုင် Myanmar Union Parliament Facebook
Image caption ဘတ်ဂျက် ကိစ္စ ဝန်ကြီးတွေ တာဝန်ယူစိစစ်ဖို့ လိုတယ်လို့ လွှတ်တော်ကိုယ်စားလှယ် တချို့ ပြော

အစိုးရအဖွဲ့ တစ်ဖွဲ့လုံး အတွက် ၆ လစာ အသုံးစရိတ်နဲ့ စီမံကိန်းတွေမှာ သုံးစွဲဖို့ တောင်းခံထားတဲ့ ဘတ်ဂျက်ငွေ ဘီလျံ တစ်သောင်းကျော် ထဲက ဘီလျံ ၁၀၀ ကျော် ကို ဖြတ်တောက် သင့်တယ်လို့ ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေ စာရင်း ပူးပေါင်း ကော်မတီက လွှတ်တော်မှာ တင်ပြထား ပါတယ်။

သူတို့အနေနဲ့ ဘတ်ဂျက် အကူးအပြောင်းကာလ ၆ လအတွက်သာ အဓိက ရေးဆွဲ ရတာဖြစ်ပေမဲ့ ဝန်ကြီးဌာနတွေက တင်လာတဲ့ ဘတ်ဂျက်တွေ ကတော့ တစ်နှစ်လုံးစာ နီးပါးဖြစ်တယ်လို့ ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ အဖွဲ့ဝင် ဦးစိုင်းသီဟကျော်က ပြောပါတယ်။

ဘတ်ဂျက် ဖြတ်တောက် ခံရတဲ့ ဝန်ကြီး ဌာနတွေ ထဲမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနက အများဆုံးဖြစ်ပြီး ၁၉ ဘီလျံကျော် အဖြတ်ခံရပါတယ်။

ဆက်သွယ်ရေး ဝန်ကြီးဌာနက ၁၂ ဘီလျံကျော် ဖြတ်တောက်ခံ ထားရပါတယ်။

၆ လ ဘတ်ဂျက်မှာ ပညာရေး၊ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ စွမ်းအင်နဲ့ လျှပ်စစ် ဝန်ကြီးဌာနက တည်ဆောက်ရေး လုပ်ငန်းတွေ အတွက် တောင်းဆိုထားတဲ့ ပမာဏ များတာကို တွေ့ရှိရတယ်လို့ ဦးစိုင်းသီဟကျော်က ပြောပါတယ်။

ဝန်ကြီးဌာန တွေက တွက်ချက် တောင်းဆို ထားတဲ့ ကုန်ကျစရိတ် ဈေးနှုန်းတွေ မတူညီကြတာလည်း တွေရတဲ့အတွက် ဘဏ္ဍာရေး စည်းမျဉ်းစည်း ကမ်းနဲ့ အညီဆောင်ရွက် ပေးဖို့ပြည်သူ့ ငွေစာရင်း ကော်မတီရဲ့ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။

ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီရဲ့ အတွင်းရေးမှူးဦးအောင်မင်းက တော့ ဌာနတွေက ဘတ်ဂျက် တောင်းခံကြရာမှာ အများဆုံး ခွင့်ပြုတဲ့ ပမာဏကို အပြည့်အဝ ရအောင် တောင်းကြပြီး သတ်မှတ်ထားတဲ့ စီမံကိန်းတွေ ပြီးစီးအောင် မလုပ်နိုင်တော့မှ နှစ်ကုန်တဲ့ အခါ ပြန်အပ် ကြကြောင်းနဲ့ ဘတ်ဂျက်ကို အလေးထား တင်ပြတာ မတွေ့ရကြောင်း ပြောပါတယ်။

ဒါကြောင့် အမှန်တကယ်လိုအပ်တဲ့ လုပ်ငန်းတွေ အတွက် ဘတ်ဂျက် ချမပေးနိုင်လို့ အလဟသ ဖြစ်သွားတယ်လို့ သူက ဆိုပါတယ်။

ဒါတွေဟာ တာဝန်ယူ စိစစ်တဲ့ သက်ဆိုင်ရာ ဝန်ကြီးတွေရဲ့ လိုအပ်ချက်ကြောင့် ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် တချို့က ပြောပါတယ်။

နိုင်ငံတော် သမ္မတက ဘတ်ဂျက် လိုငွေပြမှုနဲ့ GDP အချိုးကို ၅ ရာခိုင်နှုန်း ထက် မကျော်သင့်လို့ မကျော်ဖို့ ပြောထားပေမဲ့ ၆ လစာ တင်ထားတဲ့ ဘတ်ဂျက်မှာ ၇ ရာခိုင်နှုန်း နီးပါးရှိနေတာဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ