ကလေးအလုပ်သမားပပျောက်ရေး အစိုးရ လုပ်ဆောင်မယ်

  • 21 ဖေဖော်ဝါရီ 2018
ဓာတ်ပုံ မူပိုင် CHILDLABOUR
Image caption ကလေးအလုပ်သမားပြဿနာဟာ အိမ်ထောင်စု စားဝတ်နေရေး မဖူလုံတာကြောင့် ဖြစ်ရတာလို့ သူက ပြောပါတယ်။

ကလေးအလုပ်သမားပပျောက်ရေးအတွက် အမျိုးသားအဆင့် လုပ်ငန်း စီမံချက်ရေးဆွဲ ဆောင်ရွက်သွားမယ်လို့ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

လုပ်ငန်းခွင်ကနေရှာဖွေဖယ်ရှားရုံနဲ့ ကလေးအလုပ်သမားပပျောက်သွားမှာ မဟုတ်ဘဲ အသိပညာ မြှင့်တင်တာ၊ ပြန်လည်ပြုစုပျိုးထောင်တာ၊ ကျောင်းနေ အရွယ် ကလေးအားလုံး ပညာသင်ကြားစေတာနဲ့ အသက်မွေးဝမ်းကျောင်း ပညာတွေ သင်ကြားပေးဖို့ လိုအပ်တယ်လို့ ဝန်ကြီး ဦးသိန်းဆွေက ဖေဖော်ဝါရီ ၁၉ ရက်နေ့ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အစည်းအဝေးမှာ ပြောပါတယ်။

၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကောက်ယူခဲ့တဲ့ အလုပ်သမား စစ်တမ်းအရ မြန်မာနိုင်ငံမှာ ၅ နှစ်ကနေ ၁၇ နှစ်ကြား ကလေးဦးရေမှာ ၁၂ သန်းခန့် ရှိနေပြီး ဒီအထဲက ၁၀ ရာခိုင်နှုန်းဟာ ကလေးလုပ်သား အနေနဲ့ အလုပ်လုပ်နေရပါတယ်။

အလုပ်သမားအရေးဆောင်ရွက်နေတဲ့ ၈၈ မျိုးဆက်က ဒေါ်မာမာဦးကတော့ ဝန်ကြီးရဲ့ ပြောဆိုချက်ဟာ အပြောသက်သက်သာဖြစ်ပြီး လက်တွေ့ မကျဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ကလေးအလုပ်သမားပြဿနာဟာ အိမ်ထောင်စု စားဝတ်နေရေး မဖူလုံတာကြောင့် ဖြစ်ရတာလို့ သူက ပြောပါတယ်။

အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေးက ကလေး အလုပ်သမားတွေကို အန္တရာယ်ရှိတဲ့ အလုပ်တွေ မလုပ်ဖို့ တားမြစ်တာတွေ၊ ဂုဏ်သိက္ခာရှိတဲ့ လုပ်ငန်းတွေမှာ လုပ်ခိုင်းပြီး အလုပ်ချိန်ကိုလည်း တနေ့ ၄ နာရီလောက်သာ ခိုင်းကြဖို့စတဲ့ ရှိထားတဲ့ ဥပဒေနဲ့ အညီဆောင်ရွက်ခြင်း ရှိမရှိ စောင့်ကြည့်ဖို့ အရင်လိုအပ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကလေးလုပ်သားတွေကို စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်း၊ အိမ်အကူ လုပ်ငန်း၊ စက်ရုံအလုပ်ရုံတွေနဲ့ စားသောက်ဆိုင်လုပ်ငန်းတွေမှာ တွေ့နေရသလို အခုနောက်ပိုင်းမှာတော့ မူးယစ်ဆေးဝါး ရောင်းချတဲ့လုပ်ငန်း စတဲ့ ဒုစရိုက်မှု လုပ်ငန်း တွေမှာလည်း ကလေးတွေကို အသုံးပြုလာတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူ တချို့က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကလေးအလုပ်သမားအဖြစ် အဓိကအလုပ်လုပ်နေရတဲ့သူတွေဟာ ကျေးလက်မှာ နေထိုင်ကြသူတွေ အများဆုံးဖြစ်ကြတယ်လို့ ဆိုပါတယ်။