ဂဏန်း ၈ လုံး ပါ တစ်ထောင်တန်တွေ ထွက်ရှိလာ

  • 21 ဖေဖော်ဝါရီ 2018
Image caption အမှတ်စဉ် ဂဏန်း ၇ လုံးကနေ ၈လုံးအထိနံပါတ်စဉ် တိုးမြှင့်ထားတဲ့ တထောင်တန်ငွေစက္ကူ ငွေကြေးဈေးကွက်ထဲရောက်ရှိ

အမှတ်စဉ် ဂဏန်း ၇ လုံးကနေ ၈လုံးအထိနံပါတ်စဉ် တိုးမြှင့်ထားတဲ့ တစ်ထောင်တန်ငွေစက္ကူတွေငွေကြေးဈေးကွက်ထဲကို ဖြန့်ချိထားတယ်လို့ ဗဟိုဘဏ်က ပြောပါတယ်။

ဗဟိုဘဏ်ကနေ အသစ်ရိုက်နှိပ်ထုတ်ဝေထားတဲ့ ဒီငွေစက္ကူသစ်တွေဟာ အခုလ အစောပိုင်းကတည်းက ငွေကြေးဈေးကွက်ထဲကို ဘဏ်တွေကနေ တဆင့် ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဗဟိုဘဏ်အနေနဲ့ အရင်ထုတ်ဝေခဲ့တဲ့ ဟောင်းနွမ်းပျက်စီးနေတဲ့ ငွေစက္ကူတွေကို ဖျက်ဆီးပြီး အစားထိုးအသစ်ပြန်ရိုက်နှိပ်တာ ဖြစ်သလို လိုအပ်တဲ့ လှည့်လည်သုံးစွဲငွေ၊ ဘတ်ဂျက်လိုငွေအပေါ် မူတည်လို့ အခုလို ဂဏန်း ၈လုံးအထိ တိုးမြှင့်ထားတဲ့ တစ်ထောင်တန်အသစ်တွေ ထုတ်ဝေရတာ ဖြစ်တယ်လို့ ဗဟိုဘဏ် ငွေကြေး လုပ်ငန်း စီမံခန့်ခွဲမှုဌာန ညွန်ကြားရေးမှူး ဦးကျော်ရန်နိုင်က ပြောပါတယ်။

ဟောင်းနွမ်းစုတ်ပြတ်တဲ့ ငွေစက္ကူတွေကို လုံးဝဖျက်ဆီးလိုက်ပြီး အဲ့ဒီဂဏန်းတွေကိုလည်း ပြန်မသုံးတော့တဲ့အတွက် အစားထိုးထုတ်မယ့် ငွေစက္ကူတွေရဲ့ ဂဏန်းနံပါတ်စဉ်တွေဟာ ပိုမြင့်လာပြီး အခုလို ဂဏန်း ၇ လုံးကနေ ၈ လုံးဖြစ်လာရတာပါလို့ ဗဟိုဘဏ်ဖက်က ရှင်းပြပါတယ်။

စီးပွားရေးပညာရှင်လည်းဖြစ် စီးပွားရေးတက္ကသိုလ်ပါမောက္ခဟောင်းလည်းဖြစ်တဲ့ ဒေါ်ရီရီမြင့်ကတော့ ဒီလို ငွေစက္ကူအသစ်တွေ ထပ်ရိုက်တာက ငွေကြေးဖောင်းပွမှုလို မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်ဆိုပြီးတော့ သုံးသပ်ပါတယ်။

ဗဟိုဘဏ်အနေနဲ့ ဂဏန်း ၆ လုံးပါ ငွေစက္ကူတွေကို ရိုက်နှိပ်ခဲ့ပြီး ဒီကမှ ဂဏန်း ၇ လုံး အခု ဂဏန်း ၈ လုံးအထိ တိုးမြှင့်ပြီး ရိုက်နှိပ်ထုတ်ဝေလာတာဖြစ်ပါတယ်။ အခု အသစ်ထွက်ရှိလာတယ်ဆိုပေမယ့် ရှိနေဆဲ ဂဏန်း ၇ လုံးနဲ့တစ်ထောင်တန် ငွေစက္ကူတွေကိုလည်း ပြန်သိမ်းမှာမဟုတ်သလို ဒီငွေစက္ကူတွေကိုလည်း ဆက်သုံးခွင့်ပြုထားပါတယ်။

ဒါပေမယ့်တော့ အခုလို ဂဏန်း ရှစ်လုံးတိုးပါတဲ့ ငွေစက္ကူဘယ်လောက်ထုတ်မယ်ဆိုတာကိုတော့ တိတိကျကျ မပြောနိုင်ဘူးလို့ ဗဟိုဘဏ်က ပြောပါတယ်။

လောလောဆယ်မှာ ငွေစက္ကူတွေကို ဗဟိုဘဏ်ရဲ့ တင်ပြချက်အပေါ်မူတည်ပြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ တပ်မတော် ရဲ့ ကြီးကြပ်မှုအောက်မှာ ရှိတဲ့ ဝါဇီစက်ရုံကနေ ရိုက်နှိပ်ထုတ်ဝေနေတာပါ။ ဗဟိုဘဏ်အနေနဲ့ကတော့ နှစ်စဉ်ငွေစက္ကူအဟောင်းတွေကို ပုံမှန်ဖျက်သိမ်းပြီး အစားထိုးရိုက်နှိပ်ထုတ်ဝေတာကို စနစ်တကျလုပ်နေတယ်လို့ ပြောပါတယ်။

အခုတစ်ထောင်တန်တွေအပြင် နောက်ပိုင်းမှာလည်း တစ်ထောင်တန်အောက် ငွေစက္ကူအသေးတွေနဲ့ ၅ ထောင် တစ်သောင်းတန် ငွေစက္ကူကြီးတွေကိုပါ ဂဏန်း ရှစ်လုံးအထိ တိုးမြှင့်ထုတ်ဝေလာဖို့ တွေ ရှိနိုင်တယ်လို့ ဗဟိုဘဏ် ငွေကြေးလုပ်ငန်းစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဦးကျော်ရန်နိုင်က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ