အဂတိလိုက်စားမှုနဲ့ အများဆုံး အတိုင်ခံရတာ ပြည်ထဲရေးလို့ အဂတိတိုက်ဖျက်ရေး ကော်မရှင် ပြော

  • 22 ဖေဖော်ဝါရီ 2018
ဓာတ်ပုံ မူပိုင် accm.gov.mm
Image caption အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်

အဂတိလိုက်စားမှုကြောင့် အများဆုံး အတိုင်ခံရတဲ့ အထဲမှာ ပြည်ထဲရေး ဝန်ကြီးဌာနက အများဆုံးလို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ပြောပါတယ်။

အုပ်ချုပ်ရေး အာဏာကို အသုံးပြုပြီး ငွေကြေးအလွဲသုံးစားလုပ်တဲ့သူတွေကို အဂတိတိုက်ဖျက်ရေး ကော်မရှင် ဥပဒေ ပုဒ်မတွေနဲ့ ရဲကို တိုင်ကြားပြီး အမှု ဖွင့်ထားတယ်လို့ ကော်မရှင်ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးဟန်ညွန့်က ဘီဘီစီကို ပြောပါတယ်။

ရပ်ကွက်တွေမှာ မီးရရှိဖို့အတွက် အုပ်ချုပ်ရေးမှူးတွေက ကျသင့်တဲ့ ငွေကြေးထက် ပိုမိုကောက်ခံတာ၊ ရဲက အမှုတခုကို ဖမ်းဆီးပြီး လာဘ်ယူကာ လွတ်ပေးလိုက်တာ၊ တရားရုံးမှာ လာဘ်ယူတာ၊ ဆိုင်ခန်းအတွက် စည်ပင်သာယာအုပ်ချုပ်ရေးမှူးက ကျသင့်ငွေထက်ပိုယူတာ စတဲ့တိုင်တန်းလွှာတွေကို လက်ခံရရှိထားတယ်လို့လည်း ဆိုပါတယ်။

အခုနောက်ပိုင်းမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်တန်းမှု တွေက အရင်ကထက် ၅ ဆလောက်များလာတယ်လို့လည်း သူက ဆိုပါတယ်။

အဂတိတိုက်ဖျက်ရေး ဥပဒေနဲ့အမှုဖွင့်ခံထားရသူ ၁၂ ဦးဟာ ထွက်ပြေး လွတ်မြောက်နေတာကြောင့် သူတို့ကို ဖမ်းဆီးရမိရေး သတင်းပေးတိုင်ကြားဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲက မနေ့ကထုတ်ပြန် ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ