ဖက်ဒရယ်စနစ်သွားမယ် ဆိုပေမဲ့ တိုင်းရင်းသား ပါဝင်ဖွဲ့စည်းမှု မထုတ်ပြန်နိုင်သေး

  • 23 ဖေဖော်ဝါရီ 2018
ဓာတ်ပုံ မူပိုင် Rex-Feature
Image caption သန်းခေါင်စာရင်း ထုတ်ပြန်မှု ဆိုင်ရာ အခမ်းအနား တရပ်

သန်းခေါင်စာရင်းကောက်ယူထားတာ ၄ နှစ်နီးပါး ရှိလာခဲ့ပြီဖြစ်ပေမဲ့ တိုင်းရင်းသားလူမျိုးစုပါဝင်ဖွဲ့စည်းမှု ၊ လူမျိုးစုငယ်တွေ ပါဝင်မှုဆိုင်ရာ အချက်အလက်တွေကို ထုတ်ပြန်နိုင်မှု မရှိသေးပါဘူး။

တိုင်းရင်းသားလူမျိုးစုများ ပါဝင်ဖွဲ့စည်းမှု ၊ လူမျိုးစုငယ်တွေပါဝင်မှု ၊ တိုင်းရင်းသား ဖြစ်ခြင်း မဖြစ်ခြင်း တို့လို လုပ်ငန်းစဉ်တွေမှာ အငြင်းပွယ်ဖွယ်ရာ အကြောင်းအရာတွေ ရှိနေတဲ့အတွက် ညှိနှိုင်းဆွေးနွေးဖို့ လိုအပ်နေတယ်လို့ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေက အမျိုးသားလွှတ်တော်မှာ ပြောပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းကောက်ယူမှုဟာ ၁၉၇၃ ခုနစ်က မှတ်တမ်းတင်ထားခဲ့တဲ့ လူမျိုး ၁၃၅ မျိုးအပေါ် အခြေခံ ကောက်ခံခဲ့တာ ဖြစ်ပြီး ဖြေဆိုသူရဲ့ ပြောဆိုချက်အတိုင်း ကောက်ခံခဲ့တာလို့ ဝန်ကြီးက ပြောပါတယ်။

သီးခြားမျိုးနွယ်စုဖြစ်ပြီး တခြားမျိုးနွယ်စုမှာ မပါဝင်ကြောင်းတင်ပြတာတွေလည်း ရှိသလို ဥပမာအားဖြင့် ကချင်လူမျိုးစု ၁၂ မျိုးအစား ၆ မျိုး တင်ပြတာတွေလည်း ရှိပြီး ကရင်ဆိုရင်လည်း ၁၂ မျိုးအစား ၇ မျိုးပဲ ရှိတယ်လို့ တင်ပြတာတွေ ရှိတယ်လို့ ဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

အစိုးရအနေနဲ့ အခုလို စာရင်းတွေ ထုတ်ပြန်ဖို့ ရက်ကန့်သတ်မထားပဲ တိုင်းရင်းသားအဖွဲ့အစည်း ၊ ကိုယ်စားလှယ်တွေ ၊ သမိုင်းပညာရှင်တွေနဲ့ လူဦးရေနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပညာရှင်တွေ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးမှသာ လူမျိုးစုအမည်တွေကို ထုတ်ပြန်သွားမှာလို့ ဝန်ကြီးက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ သန်းခေါင်စာရင်းကောက်ယူတာ ၃ နှစ်ကျော်လာပြီဖြစ်ပြီး ပြည်ထောင်စု တည်ဆောက်ဖို့ ၂၁ ပင်လုံကို ကျင်းပနေပေမဲ့ တိုင်းရင်းသားလူမျိုးစုဖွဲ့စည်း ပါဝင်မှုအကြောင်း ဘာလို မထုတ်ပြန်နိုင်သေးသလဲ ဆိုတဲ့မေးခွန်းကို ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရှန်အောရ်က မေးခွန်းမေးမြန်းခဲ့တာပါ။

ချင်း ၅၃ မျိုးလို့ ဆိုထားပေမဲ့ ၅၃ မျိုးမရှိကြောင်းလည်း ဦးရှန်အော်က ပြောပါတယ်။

၁၃၅ မျိုးဆိုတာက ဥပဒေအရ ပြဌာန်းထားတာ မဟုတ်ဘဲ ချင်း ၅၃ မျိုးဆိုတာကလည်း ဇဝေဇဝါ ဖြစ်စရာ ဖြစ်တယ်လို့ အခြေခံ ဥပဒေ ပညာရှင်တဦးဖြစ်တဲ့ ချင်းတိုင်းရင်းသား ဒေါက်တာ အင်ဒရူးငွန်ကျုံးလျန်က ပြောပါတယ်။

သူကိုယ်တိုင်တောင်မှ ၃ နေရာ သို့မဟုတ် ၄ နေရာ ပါနိုင်တဲ့ လူမျိုးဖြစ်နေပြီး ကိုယ်တိုင်က မရာလို့ ဆိုပေမဲ့ တချို့က ဇို နဲ့ ဇိုမီးအမျိုးလို့ ပြောသူ ဖြစ်နေတယ်လို့ ဆိုပါတယ်။

၁၃၅ မျိုးစားရင်းထဲမပါပေမဲ့ ၉၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ချင်းပြည်နယ် မြောက်ပိုင်းမှာ အနိုင်ရခဲ့တဲ့ ဇိုမီးတွေကလည်း သူတို့အနေနဲ့ သီးသန့်မျိုးနွယ်စုဖြစ်တယ်ဆိုပြီး ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူရာမှာ လူမျိုးစုနေရာမှာ ထည့်သွင်းခဲ့တာပါ။

ဓာတ်ပုံ မူပိုင် Zomi National Congress
Image caption မျိုးနွယ်စုအဖြစ် တောင်းဆိုမှုရှိနေတဲ့ ၁၃၅ မျိုးမပါ ဇိုမီးတွေရဲ့ အမျိုးသားနေ့ အခမ်းအနား

၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေအရ မျိုးနွယ်စုတွေနဲ့ ပတ်သက်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုနဲ့ ဥပဒေသတ်မှတ်ချက် ဆိုင်ရာ အားနည်းမှု ရှိနေပြီး ဘယ်သူက တိုင်းရင်းသား ၊ ဘယ်သူက ဘယ်မျိုးနွယ်စုဆိုတာ အဓိပ္ပာယ်ဖွင့်ဖို့ လိုနေတယ်လို့ အင်ဒရူးငွန်ကျုံးလျန်က ထောက်ပြပါတယ်။ ဥပဒေကြောင်းအရ ပြဌာန်းဖွင့်ဆိုချက်က မတိကျတဲ့အတွက် ဘယ်သူက ဘယ်အနွယ်ဆိုပြီး နယ်မြေလို ကိစ္စတွေက အစ တောင်းဆိုတာများလာတဲ့အတွက် နိုင်ငံရေးအရပါ ရှုပ်ထွေးမှုတွေ ဖြစ်စေတယ်လို့ သူက ပြောပါတယ်။

ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ ဆိုတဲ့ ကိစ္စမှာ လူမျိုးစုတွေ တည်ရှိမှုက အရေးပါတဲ့အတွက် တိုင်းရင်းသား လူမျိုးစုတည်ရှိမှု ဆိုင်ရာ ဥပဒေပြဌာန်းချက်တွေ တိတိကျကျ မရှိသေးဘဲ လုပ်ချင်ရာ လုပ်နေကြမယ်ဆိုရင် ပြဿနာတွေက တွေ့နေရဦးမှာဖြစ်တယ်လို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ခဲ့ဖူးသူ ဒေါက်တာအင်ဒရူးငွန်ကျုံးလျန်က ပြောပါတယ်။

အခြေခံ ဥပဒေနဲ့ နိုင်ငံသား ဥပဒေအကြား တိုင်းရင်းသား မျိုးနွယ်စု သတ်မှတ်ချက်ဆိုင်ရာ ကွာဟာချက်တွေကိုလည်း ပြန်လည်ညှိနှိုင်းဖို့လိုနေပြီး ပြင်သင့်တဲ့ ဥပဒေတွေပြင် ၊ ဖျက်သင့်တဲ့ ဥပဒေတွေ ဖျက်ပြီးမှ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်မယ်ဆိုရင် တိုင်းရင်းသားလူမျိုးများ ပါဝင်ဖွဲ့စည်းမှု ၊ လူမျိုးစုငယ်များ ပါဝင်မှု တိုင်းရင်းသားဖြစ်မှုဆိုင်ရာ ရှုပ်ထွေးမှုတွေကို ဖြေရှင်းပြီးသားဖြစ်တဲ့အတွက် နိုင်ငံရေးဆွေးနွေးမှုတွေအတွက် ၅၀ ရာခိုင်နှုန်းလောက် ပြေလည်ပြီးသား ဖြစ်လိမ့်မယ်လို့ ဒေါက်တာအင်ဒရူးငွန်ကျုံးလျန်က မှတ်ချက်ပြုပါတယ်။

တဘက်မှာလည်း နိုင်ငံရေးအရ တည်ငြိမ်မှု ရအောင် ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းရင်း မျိုးနွယ်စု စာရင်းတွေ တည်ငြိမ်အောင် တပြိုင်နက်တည်း ကြိုးပမ်းတာက လက်ရှိအချိန်နဲ့ သင့်တော်တဲ့ လုပ်ဆောင်ချက် ဖြစ်လိမ့်မယ်လို့ ဒေါက်တာအင်ဒရူးငွန်ကျုံးလျန်က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ