မြို့တွင်းဖြန့်ဝေတဲ့ရေတွေမှာ ကျန်းမာရေးထိခိုက်စေတဲ့ ရောဂါပိုးမရှိဘူးလို့ စည်ပင်ပြော

  • 25 ဖေဖော်ဝါရီ 2018
ဓာတ်ပုံ မူပိုင် Aye
Image caption မြို့တွင်းဖြန့်ဝေတဲ့ရေတွေမှာ ကျန်းမာရေးထိခိုက်စေတဲ့ ရောဂါပိုးမရှိဘူးလို့ စည်ပင်ပြောဆို

ရန်ကုန်မြို့တွင်း ဖြန့်ဝေနေတဲ့ရေတွေမှာ ကျန်းမာရေးထိခိုက်စေတဲ့ ရောဂါပိုးတွေ မရှိဘူးဆိုပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေသန့်ဌာနက ပြောပါတယ်။

မြို့တွင်း ဖြန့်ဝေနေတဲ့ရေတွေကို ရန်ကုန်မြို့တော်စည်ပင်က လစဉ်ဓာတ်ခွဲစမ်းသပ်မှုတွေလုပ်နေပြီး အဲဒီလိုရောဂါပိုး ပါဝင်နေတာ မရှိဘူးလို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေနဲ့သန့်ရှင်းမှု၊ အင်ဂျင်နီယာဌာန ဌာနမှူးဦးအောင်ဆန်းဝင်းက ပြောဆိုပါတယ်။

မကြာသေးခင်က ပြီးဆုံးခဲ့တဲ့ ဆေးသိပ္ပံညီလာခံမှာ အသည်းအထူးကုဆရာဝန် ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းက ရန်ကုန်မြို့တွင်းမှာ ဖြန့်ဝေပေးနေတဲ့ရေတွေကို နမူနာယူပြီး စစ်ကြည့်ရာမှာ မစင်ထဲမှာပါတဲ့ဓာတ်တွေ ပြန့်နှံ့ပါဝင်နေတာကိုတွေ့ရပြီး ဒါဟာ အသည်းရောင်အသားဝါလို ရောဂါပိုးတွေ တွေ့ရတယ်လို့ ပြောခဲ့တဲ့အပေါ် ပြန်လည်ပြောဆိုတာ ဖြစ်ပါတယ်။

ရေလှောင်ကန်တွေကနေ ပိုက်တွေနဲ့ မြို့တွင်းဖြန့်ဖြူးနေတဲ့ ရေပိုက်တွေမှာ မသန့်ရှင်းတဲ့ရောဂါပိုးတွေ ပြန့်ပွားနေလို့ ကျန်းမာရေးနဲ့မသင့်လျော်ဘူးဆိုပြီး အခုလိုသတင်းတွေ ထွက်ပေါ်လာတဲ့အပေါ် ရန်ကုန်မြို့ခံတွေအကြား စိုးရိမ်မှုတွေ ရှိနေခဲ့ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကတော့ ဒီသတင်းတွေနဲ့ ပတ်သက်လို့ ငြင်းချက် ထုတ်လိုက်ပြီး သူတို့အနေနဲ့ စစ်ဆေးမှုတွေလုပ်တဲ့အပြင် ရေလှောင်ကန်တွေမှာ ရေသန့်စဉ်ဆေး ကလိုရင်းခတ်တာကိုလည်း ဂျပန်အစိုးရ ဂျိုက်ကာရဲ့ ကူညီမှုတွေနဲ့ လစဉ်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ရေလှောင်ကန်တွေကနေ ဖြန့်ဖြူးတဲ့ရေတွေဟာ နေအိမ်တွေဆီမရောက်ခင်အထိ သန့်ရှင်းမှု ရှိတယ်ဆိုတာကို ရန်ကုန်မြို့တော်စည်ပင်က အာမခံနိုင်ပေမယ့် နေအိမ်တွေဆီအရောက်ပို့ရာမှာတော့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ဌာနမှူးဦးအောင်ဆန်းဝင်းက ပြောပါတယ်။

ရန်ကုန်တမြို့လုံးကို ရေလှောင်ကန်တွေကနေ ဖြန့်ဖြူးနေတဲ့ရေကို အဆောက်အဦးတွေနဲ့ နေအိမ်ရေသွယ်ပိုက်တွေ အပါအဝင် ရေပိုက်ပေါင်း ၃ သိန်းကျော်က သွယ်တန်းအသုံးပြုနေကြတယ်လို့ ရန်ကုန်မြို့တော်စည်ပင်က ပြောပါတယ်။

ရန်ကုန်မြို့တွင်း ၃၃ မြို့နယ်ကို ဂျိုးဖြူ၊ လှော်ကား၊ ငမိုးရိပ် စတဲ့ ရေလှောင်ကန် ၃ ခု အပါအဝင် ကိုယ်ပိုင်အဝီစိတွင်းတွေကနေ တနေ့ကို ရေဂါလံသန်းပေါင်း ၂၀၀ (၂၀၅ သန်း) ကျော် ဖြန့်ဖြူးနေပါတယ်။

အဲဒီထဲမှာ သက်တမ်းအရင့်ဆုံးလို့ဆိုရမယ့် ဂျိုးဖြူရေလှောင်ကန်ကို ၁၉၄၀ ခုနှစ်ကတည်းက စတင်အသုံးပြုခဲ့တာပါ။ သွယ်တန်းထားတဲ့ ဂျိုးဖြူရေပိုက်တွေ ပျက်စီးပေါက်ပြဲတဲ့ နေရာတွေမှာ စတီးပိုက်တွေနဲ့ အစားထိုး လဲလှယ်ပြင်ဆင်မှုတွေ လုပ်နေရပေမယ့် ပိုက်လမ်းကြောင်းတခုလုံးက ကြံ့ခိုင်မှုရှိဆဲ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရေနှင့်သန့်ရှင်းမှု၊ ဌာနက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ