ကန့်သတ်ချက်အသစ်တွေနဲ့ အစိုးရတိုက်ခန်းဝယ်ယူခွင့် စတင်

  • 27 ဖေဖော်ဝါရီ 2018
ဓာတ်ပုံ မူပိုင် MOI
Image caption အစိုးရရဲ့တန်ဖိုးသင့်အိမ်ရာစီမံကိန်း ပုံစံငယ်

ရန်ကုန်တိုင်းဒေသကြီးက အိမ်ပိုင်မရှိသူတွေအတွက် အိမ်ပိုင်ဖို့ မျှော်လင့်ချက်တခုဖြစ်တဲ့ အစိုးရအိမ်ယာစီမံကိန်းကတိုက်ခန်းတွေရဲ့ဝယ်ယူခွင့်လျှောက်လွှာတွေကို ဒီလထဲမှာ စတင်ရောင်းချပေးနေပြီဖြစ်ပါတယ်။

နှစ်ရှည်အရစ်ကျပေးသွင်းနိုင်မဲ့ တိုက်ခန်း ဝယ်ယူခွင့်လျှောက်လွှာတွေကို ဖေဖော်ဝါရီ ၁၆ ရက်ကနေ မတ်လ ၁၆ ရက်နေ့အထိရောင်းချပေးသွားမှာဖြစ်ပြီး လျှောက်လွှာတွေကို မတ်လ၁၆ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည်လျှောက်ထားရမှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေသိရပါတယ်။

အိမ်ယာစီမံကိန်းက တိုက်ခန်းတွေကို ဒီတကြိမ်ရောင်းချရာမှာ အရင်နဲ့မတူဘဲ လျှောက်လွှာတွေကို အများပြည်သူ၊ ကုမ္ပဏီဝန်ထမ်း၊ အစိုးရဝန်ထမ်း နဲ့ပင်စင်စား အစိုးရဝန်ထမ်း ဆိုပြီး ပုံစံလေးမျိုး ခွဲခြားပြီး ရောင်းချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

'' လျှောက်ထားသူတွေအနေနဲ့ ပုံစံ ၆၆ အိမ်ထောင်စုဇယား(သန်းခေါင်စာရင်း)ရှိရမယ်။ သန်းခေါင်စာရင်း တခုကို တဦးပဲလျှောက်ထားခွင့်ပြုမယ်။ ပြီးတော့ ရာအိမ်မှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ထောက်ခံချက် နဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ရဲ့ထပ်ဆင့်ထောက်ခံစာပါရမယ်။ ဖြည့်စွက်ရမဲ့အချက်တွေ ကတော့ ၁၄ ချက်ရှိတယ်။ပြည့်စုံအောင်ဖြည့်တဲ့လျှောက်လွှာတွေကိုပဲ ဝယ်ယူခွင့်ပြုသွားမှာဖြစ်တယ်။''လို့

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုး ရေး ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးယုခိုင်က ဘီဘီစီကို အခုလို ပြောပါတယ်။

ရောင်းချပေးသွားမဲ့တိုက်ခန်းတွေကို တန်ဖိုးနည်းနဲ့တန်ဖိုးသင့်လို့ခွဲခြားထားပြီး ကျပ် ၉၈ သိန်းဝန်းကျင်ကနေ ကျပ် သိန်း ၁၃၀ ဝန်းကျင်ကို တန်ဖိုးနည်း တိုက်ခန်းလို့သတ်မှတ်ထားပြီး ကျပ်သိန်း ၃၀၀ ကနေ ကျပ်သိန်း ၆၀၀ ဝန်းကျင်အထိကိုတော့ တန်ဖိုးသင့်လို့သတ်မှတ်ထားပါတယ်။

တန်ဖိုးနည်းတိုက်ခန်းကို ဝယ်ယူလိုသူတွေအနေနဲ့ မိသားစု ဝင်ငွေဟာ တလကို ကျပ်၃သိန်းကနေ ၅သိန်းဝန်းကျင် ရှိရမှာဖြစ်ပြီး တန်ဖိုးသင့်တိုက်ခန်းအတွက်ကတော့ ကျပ် ၅သိန်းကနေ ၁၂သိန်း ဝန်းကျင် ဝင်ငွေရှိရမှာပါ။

လျှောက်ထားသူတွေထဲက ဝယ်ယူခွင့်ရသူတွေအနေနဲ့ ကနဦးပေးသွင်းရမဲ့ငွေကြေးပမာဏကို အရင်၃၀ရာခိုင်နှုန်းသတ်မှတ်ထားရာကနေ ၂၀ ရာခိုင်နှုန်းအထိလျှော့ချပေးလိုက်သလို ပေးသွင်းရမဲ့ ကာလကိုလည်း ၁၅နှစ်အထိ တိုးမြှင့်ပေးလိုက်ပြီဖြစ်ပါတယ်။

သတ်မှတ်ချက်အချို့ကို လျှော့ချပေးခဲ့ပေမဲ့လည်း အစိုးရဝန်ထမ်းအများစုနဲ့ ဝင်ငွေနည်းပြည်သူအများစုအတွက်တော့ ကနဦးပေးသွင်းငွေဟာ အဓိကအခက်အခဲတခုဖြစ်နေသေးတယ်လို့ အစိုးရဝန်ကြီးဌာန တစ်ခုက အကြီးတန်းစာရေးတစ်ဦးဖြစ်တဲ့ ဒေါ်စန္ဒာမိုးက ဘီဘီစီကိုပြောပါတယ်။

ဒီတကြိမ်ရောင်းချပေးသွားမဲ့ တိုက်ခန်း ၈၀၀ ကျော်ထဲက ၅၀ရာခိုင်နှုန်းကို အစိုးရ ဝန်ထမ်းနဲ့ ပင်စင်စားတွေကို ၂၅ ရာခိုင်နှုန်းစီနဲ့ အများဆုံးရောင်းချပေးသွားမှာဖြစ်ပြီးအများပြည်သူကို ၃၅ရာခိုင်နှုန်းနဲ့ ပုဂလိကဝန်ထမ်းကိုတော့ ၁၅ ရာခိုင်နှုန်း စီခွဲပြီး ရောင်းချပေးသွားမှာဖြစ်တယ် လို့သိရပါ တယ်။

နေထိုင်သူဦးရေ ၅သန်းကျော်ရှိတဲ့စီးပွားရေးမြို့တော်ရန်ကုန်မှာ အိမ်ယာအတည်တကျမရှိပဲကျူးကျော် နေထိုင်သူသိန်းနဲ့ချီရှိနေသလို နယ်မြို့တွေကနေ လာရောက်ပြီးငှားရမ်းနေထိုင်သူတွေကလည်း အများစု ရှိနေကြတာဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ