ခရီးသွား လုပ်ငန်း မြှင့်တင်ရေး ထိုင်း-မြန်မာ ဆွေးနွေး

  • 28 ဖေဖော်ဝါရီ 2018
Image caption မဲဆောက် အပါအဝင်တာခ်ခရိုင်ရဲ့ အထူးစီးပွားရေးဇုန်ကို ခရီးသွား ၂ သန်းကျော် လာရောက်လည်ပတ်ခဲ့ရာမှာ မြန်မာနိုင်ငံသား ၈၀၀၀၀ ကျော် ပါဝင်တယ်

ထိုင်းမြန်မာခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ထိုင်းနဲ့မြန်မာခရီးသွား လုပ်ငန်းရှင်တွေ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ထိုင်းနိုင်ငံ၊မဲဆောက်မြို့မှာ တွေ့ဆုံညှိနှိုင်းပါတယ်။

ကရင်ပြည်နယ်နဲ့ထိစပ်နေတဲ့၊ထိုင်းနိုင်ငံ၊တာခ်ခရိုင်ထဲက၊မဲဆောက်အပါအဝင်၊ဖုတ်ဖရနဲ့မဲလမတ်မြို့နယ်တွေကို ဒေသန္တရလေ့လာရေးနဲ့ ဘုရားဖူးအလည်အပတ်လာကြတဲ့မြန်မာနိုင်ငံသားတွေဟာ တလကိုပျမ်းမျှ ၇၀၀၀ နီးပါးရှိပါတယ်။

ထိုင်းတာခ်ခရိုင် ခရီးသွားလုပ်ငန်းနဲ့အားကစားရေးရာဌာနညွှန်ကြားရေးမှူး မစ်ထမွန်ဝမ်က ထိုင်းမြန်မာ ခရီးသွားလုပ်ငန်းဟာ ၂ နှစ် အတွင်း တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် မဲဆောက် အပါအဝင်တာခ်ခရိုင်ရဲ့ အထူးစီးပွားရေးဇုန်ကို ခရီးသွား ၂ သန်းကျော် လာရောက်လည်ပတ်ခဲ့ရာမှာ မြန်မာနိုင်ငံသား ၈၀၀၀၀ ကျော် ပါဝင်တယ်လို့လည်း သူက ပြောပါတယ်။

Image caption ထိုင်းမြန်မာ ခရီးသွားလုပ်ငန်းဟာ ၂ နှစ် အတွင်း တိုးတက်လာခဲ့တယ်

ဒီနှစ်မှာ မြန်မာနိုင်ငံသား ခရီးသွားတွေနောက်ထပ် ၈ ရာခိုင်နှုန်းထပ်မံ တိုးလာဖို့ ဆောင်ရွက်နေတယ်လို့ မစ္စမစ်ထမွန်ဝမ်ကပြောပါတယ်။

ဒါကြောင့်ခရီးသွားလုပ်ငန်းကိုဒီထက်ပိုပြီးမြှင့်တင်နိုင်အောင် ထိုင်းနိုင်ငံကကြီးမှူးပြီး မြန်မာနဲ့ထိုင်းခရီးသွားလုပ်ငန်းရှင်တွေ မိတ်ဖက်ဖြစ်အောင် ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။

ထိုင်းခရီးသွား အေဂျင်စီတွေနဲ့ အဆက်အသွယ်ရတာကြောင့် မြန်မာပြည်ကို သွားလည်မယ့် ထိုင်းခရီးသွားဧည့်သည်တွေ အလွယ်တကူ ပိုဆောင်နိုင်မယ်လို့ UA Ticketing and Tours ကုမ္ပဏီရဲ့အမှုဆောင်ဒါရိုက်တာ ဦးလင်းဇော်ဝေမန်းက ပြောပါတယ်။

တွေ့ဆုံပွဲကို မြန်မာ့ခရီးသွားလုပ်ငန်းကုမ္ပဏီ ၁၀ ခုက လုပ်ငန်းရှင်တွေ တက်ရောက် ကြပါတယ်။