တချို့မြို့မှာ လူထုတွေ့ဆုံပွဲ ကျင်းပဖို့ UPDJC အစည်းအဝေးတွင် သဘောမတူ

  • 28 ဖေဖော်ဝါရီ 2018
ဓာတ်ပုံ မူပိုင် MOI
Image caption ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူး အဖွဲ့ အစည်းအဝေး မေလတုန်းက ကျင်းပစဉ်။

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ဖို့အတွက် တချို့မြို့တွေမှာ လူထုတွေ့ဆုံပွဲ ကျင်းပမှာကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)ရဲ့ ၁၄ ကြိမ်မြောက် အစည်း အဝေးမှာလဲ သဘောတူညီမှုမရခဲ့ပါဘူး။

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA) အနေနဲ့ လူထုတွေဆုံပွဲတွေကို ၁၄ နေရာမှာ ကျင်းပဖို့ ပြင်ဆင် ထားပါတယ်။ ဒီအထဲမှာ ကျောက်မဲ၊ တောင်ကြီး၊ မန္တလေးနဲ့ ပင်လုံမြို့တွေမှာ ကျင်းပဖို့ ပါဝင်နေပါတယ်။

လူထုတွေ့ဆုံပွဲတွေကို မန္တလေးမြို့လိုနေရာမျိုးမှာ လုပ်ဖို့လိုသလားဆိုတဲ့ သဘောထားမျိုးတွေ အစိုးရ၊ တပ်မတော်၊ လွှတ်တော်ဆိုတဲ့ အစိုးရ အစုအဖွဲ့အတွင်းမှာ ရှိနေတယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။

RCSS/SSA အဖွဲ့က ရှမ်းပြည်နယ် လင်းခေးမြို့မှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပဖို့ ခွင့်ပြုချက်ရရှိထားပါတယ်။

အလားတူ ကျောက်ဖြူ မြောက်ဦး တောင်ကုတ် စစ်တွေနဲ့ ရန်ကုန်မြို့မှာ ရခိုင်လွတ်မြောက်ရေး ပါတီက ကျင်းပမယ့် လူထုတွေ့ဆုံပွဲတွေကို ကျင်းပဖို့ သဘောတူညီမှု မရခဲ့ပါဘူး။

ဒီလိုသဘောတူညီမှုတွေ မရခဲ့ပေမယ့် မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံး တို့ကို UPDJC အဖွဲ့ဝင် အဖြစ် သတ်မှတ်တာ၊ မွန်ပြည်သစ်ပါတီရဲ့ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကို ရေးမြို့မှာကျင်းပဖို့ကိုတော့ သဘော တူညီမှု ရရှိခဲ့ပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (အန်စီအေ) လက်မှတ်ထ်ိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ အမျိုးသားအဆင့်န်ိုင်ငံရေး ဆွေးနွေးပွဲ မကျင်းပနိုင်တဲ့အတွက် ၂၁ ရာစုပင်လုံညီလာခံရဲ့ တတိယအကြိမ် အစည်းအဝေး ကျင်းပဖို့လည်း ရက်မသတ်မှတ်နိုင် ဖြစ်နေပါတယ်။