မေလဆန်းမှာ ပင်လုံ ညီလာခံ ပြန်စဖို့ သဘောတူ လျာထား

  • 2 မတ် 2018
ဓာတ်ပုံ မူပိုင် Myanmar State Counsellor )ffice
Image caption ၇ ကြိမ်မြောက် JICM အစည်းအဝေး

၂၁ ရာစု ပင်လုံ လို့ ခေါ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တတိယ အကြိမ် ညီလာခံကို ဧပြီလ အကုန် မေလဆန်းမှာ ကျင်းပဖို့ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး ( JICM ) မှာ သဘောတူ နိုင်ခဲ့ပါတယ်။

ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ၇ ကြိမ်မြောက် JICM အစည်းအဝေးမှာ အကျေအလည် ဆွေးနွေးပြီး အဲဒီလို သဘောတူ လျာထား နိုင်ခဲ့တယ်လို့ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်မြင့်ထွန်းက ဘီဘီစီကို ပြောတာပါ။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အကြို ကျင်းပဖို့ လိုနေတဲ့ ရှမ်းလူမျိုး အပေါ် အခြေခံတဲ့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး အစိုးရဘက်က ပုံစံ ၂ မျိုး အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption ရှမ်းလူမျိုး အပေါ် အခြေခံတဲ့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး အစိုးရဘက်က ပုံစံ ၂ မျိုး အကြံပြု

အစည်းအဝေးမှာ ရှိနေခဲ့တဲ့ ရှမ်းပြည် ပြည်လည် ထူထောင်ရေး ကောင်စီ RCSS ကိုယ်စားလှယ် ကလည်း အစိုးရ အကြံပြုချက်တွေ အပေါ် မူတည်ပြီး အကောင်းဆုံး ဖြစ်အောင် ကြိုးစားမယ့် အကြောင့် တရားဝင် မှတ်တမ်းတင် ပြောခဲ့တယ်လို့လည်း ဦးခွန်မြင့်ထွန်းက ဆိုပါတယ်။

ပြီးခဲ့တဲ့လတွေ အတွင်းကတော့ ရှမ်းအင်အားစုတွေ ပြုလုပ်တဲ့ လူထု အကြို တွေ့ဆုံပွဲတွေကို မြို့ကြီးတချို့မှာ ပိတ်ပင် ခံခဲ့ရတဲ့ အတွက် အစိုးရနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကြား မကျေလည်မှုတွေ ရှိခဲ့ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ နောက်တစ်ကြိမ် ပြန်ကျင်းပနိုင်ဖို့ ကြန့်ကြာ နေရတာဟာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ၊ လူထုတွေ့ဆုံပွဲတွေ ကန့်သတ် ပိတ်ပင် ခံခဲ့ရတာက အဓိက အကြောင်းတစ်ရပ် ဖြစ်နေတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ JICM အစည်းအဝေးဟာ အဆင့်မြင့်ဆုံး အစည်းအဝေး ဖြစ်သလို၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ညှိနှိုင်းမရတဲ့ ကိစ္စတွေကို ညှိနှိုင်း ဖြေရှင်း ဆုံးဖြတ်ချက်ချတဲ့ အစည်းအဝေး ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ