လယ်သမားဘဝ တိုးမြှင့်ဖို့ထက် မြေယာတိုင်စာတွေနဲ့ ကော်မတီအလုပ်ရှုပ်

  • 2 မတ် 2018
ဓာတ်ပုံ မူပိုင် AFP
Image caption စျေးကွက်ရှာမရတဲ့ ပြဿနာအပြင် ရာသီဥတု လွန်ကဲမှုနဲ့ လယ်သမားတွေ ရင်ဆိုင်နေရ

နိုင်ငံတော်ရဲ့ ကျေးဇူးရှင်တွေ အဖြစ်သတ်မှတ်ထားတဲ့ တောင်သူ လယ်သမားကြီးတွေ အတွက် တောင်သူလယ်သမားနေ့ အဖြစ် ၁၉၆၂ နှစ်က စလို့ သတ်မှတ် ကျင်းပခဲ့တာ ၅၆ နှစ်မြောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။

အရင် ဆိုရှယ်လစ် ခေတ်တုန်းကတော့ အစိုးရနဲ့ ပေါင်းစပ်ပြီးမှ သွားရတဲ့ စံနစ် ဖြစ်ပြီး ဒီဖက်ခေတ်မှာတော့ လယ်သမားတွေ အနေနဲ့ လွတ်လွတ်လပ်လပ် ရောင်းချ စိုက်ပျိုး မှုတွေ ရှိလာတယ်လို့ ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနဲ့ အလုပ်သမားရေးရာ ကော်မတီ၊ အတွင်းရေးမှူး ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း က ပြောပါတယ်။

လယ်သမားတွေ အနေနဲ့ လွတ်လပ်စွာ စိုက်ပျိုး ရောင်းချခွင့် ရှိလာပေမယ့် စျေးကွက်ရှာမရတဲ့ ပြဿနာ အပြင် ရာသီဥတု ဖောက်ပြန်မှုကလည်း လွန်ကဲတာကြောင့် တနှစ်လောက် ဒီအခက်အခဲ ရင်ဆိုင်ရရင် သုံးနှစ်လောက် နောက်ကလိုက်ဖြေရှင်း မရ ဖြစ်နေတယ်လို့ သူက ရှင်းပြပါတယ်။

သူတို့ ကော်မတီ အနေနဲ့လည်း လယ်သမား အရေးထက် မြေယာကိစ္စတွေနဲ့ ရှုတ်ထွေးနေပြီး တိုင်စာပေါင်း ခုနှစ်ထောင်ကျော် ရှစ်ထောင်နဲ့ အလုပ်ရှုပ်နေတာကြောင့် လယ်သမားဘ၀ တိုးတက် မြင့်မားဖို့ မလုပ်နိုင် လှည့်မကြည့်နိုင်အား ဖြစ်နေရတယ်လို့ သူက ဆိုပါတယ်။

တောင်သူလယ်သမားနေ့ သတ်မှတ်ချက်နဲ့ ပတ်သက်လို့ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းခဲ့တဲ့ မတ်လ ၂ ရက်နေ့ ကို တောင်သူလယ် သမားနေ့ အဖြစ် နောက်ပိုင်းမှာ သတ်မှတ်ခဲ့တဲ့ အပေါ် ဝေဖန်မှုတွေရှိပေမယ့် အခုအခါ ပြန်လည် သတ်မှတ်မှုတွေ လုပ်နိုင်ပြီး အနှစ်သာရ မပျောက်ဖို့တော့ လိုကြောင်း သူက ထောက်ပြခဲ့ ပါတယ်။

ဆက်စပ် အကြောင်းအရာများ