မန္တလေးမှာ အိမ်အကူကို နှိပ်စက် ပိတ်လှောင်သူ ၂ ဦး အဖမ်းခံရ
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာ အိမ်အကူ အမျိုးသမီးတဦးကို အက်စစ်နဲ့ ပက်ပြီး ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့တဲ့အပြင် ၈ နှစ်နီးပါး ပိတ်လှောင်ထားခဲ့တဲ့ အိမ်ရှင် အမျိုးသမီး နှစ်ဦးကို လူကုန်ကူးမှု တားဆီးရေး ဥပဒေ ပုဒ်မ ၂၄/၃၂ နဲ့ ဖမ်းဆီးထားတယ်လို့ မန္တလေးတိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ဘီဘီစီကို အတည်ပြုပါတယ်။
အိမ်အကူ အမျိုးသမီး မနန်းမေဇင်ဦးဟာ အခုလို အက်စစ်နဲ့ အပက်ခံရတာကြောင့် ဘယ်ဘက် မျက်လုံး ကွယ်ခဲ့တဲ့အပြင် မျက်နှာနဲ့ တကွ ခန္ဓာကိုယ် ဘယ်ခြမ်းတခုလုံး ထိခိုက် ဒဏ်ရာ ရခဲ့တယ်လို့ မန္တလေး လူကုန်ကူး တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ အမှတ် ၁၁ ရဲအုပ် ဦးမြင့်သိန်းက ဘီဘီစီကို ပြောပါတယ်။
သူဟာ ၂၀၁၀ ခုနှစ်မှာ အခုလို အက်ဆစ်နဲ့ အပက်ခံခဲ့ရတာ ဖြစ်ပြီး ပြင်ပမှာ ဆေးကုသခွင့် မပြုပဲ အိပ်ခန်းထဲမှာ လေးနှစ်လောက် ပိတ်လှောင် ကုသ ခံရ သလို နောက်ထပ် လေးနှစ်လောက်လဲ အိမ်ပြင် မထွက်စေပဲ ပိတ်လှောင် ခံခဲ့ရတာ ဖြစ်ပါတယ်။
အခုလို အက်စစ်နဲ့ ပက်ခံရအပြီး ၂ လ အကြာမှာ သူ့ရဲ့ ဖခင်ဖြစ်သူ ရောက်လာခဲ့ပေမယ့် မတော်တဆဖြစ်တာလို့ အိမ်ရှင်က လိမ်လည်ခိုင်းခဲ့ကြောင်းကိုလည်း ရဲအုပ် ဦးမြင့်သိန်းက ပြောပါတယ်။
- အိမ်အကူ နှိပ်စက်မှု နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်
- မန္တလေးက သွားဆရာဝန်နဲ့ ဇနီးတို့ အိမ်အကူ နှိပ်စက်မှုနဲ့ အဖမ်းခံရ
- အင်းဝ အပ်ချုပ်ဆိုင်အမှု သက်သေတွေ စတင်စစ်ဆေး
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာတော့ အမှိုက်ပုံး မှောက်ကျတာကို ညှင်းပန်းနှိပ်စက်ခဲ့လို့ မခံနိုင်တော့ပဲ အိမ်တံခါး ပွင့်နေတဲ့ အချိန်မှာ အဲဒီ အမျိုးသမီးက ထွက်ပြေးလာခဲ့ပြီး အမျိုးသမီးရေးရာ အဖွဲ့ရုံးတရုံးကို လာရောက် အကြောင်း ကြားခဲ့တာ ဖြစ်ပါတယ်။
ဒီအမှုမှာ အဖမ်းခံခဲ့ရသူ တဦးဖြစ်တဲ့ ဒေါ်မိုးမိုးက ၂၀ဝ၈ ခုနှစ်မှာ မနန်းမေဇင်ဦးကို ကုန်စုံဆိုင်မှာ အလုပ်လုပ်ဖို့အတွက် ရေငံမြို့နယ် နဘမ်းကြီး ကျေးရွာက ခေါ်လာတာ ဖြစ်ပါတယ်။
နောက်ထပ် အဖမ်းခံရသူ ဒေါ်မိုမိုးရဲ့ ချွေးမ မနီနီနုနွယ်ရဲ့ သူငယ်ချင်းဖြစ်သူတဦးက မနန်းမေဇင်ဦးကို ချစ်ကြိုက်ကြောင်း ပြောဆိုခဲ့ပြီး နောက်ပိုင်းမှာ မနီနီနုနွယ်က မနန်းမေဇင်ဦးကို အက်စစ်နဲ့ ပက်ခဲ့တာ ဖြစ်ပါတယ်။
