ကေအန်ယူနဲ့ မွန်ပြည်သစ်ပါတီ တိုက်ပွဲထပ်ဖြစ်

  • 5 မတ် 2018
Image caption ကေအန်ယူနဲ့ မွန်ပြည်သစ်ပါတီ တိုက်ပွဲထပ်ဖြစ်

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူနဲ့ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ အကြား တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာ နာရီဝက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး မွန်ပြည်သစ်ပါတီက တပ်ဖွဲ့ဝင်တယောက် ဒဏ်ရာရခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်တွေက ကေအန်ယူတပ်ဖွဲ့တွေကို သွားရောက်ခြောင်းမြောင်းခဲ့ရာ အခုလို တိုက်ပွဲဖြစ်ရတာလို့ မွန်ပြည်သစ်ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေး က ဘီဘီစီကိုပြောပါတယ်။

သူတို့တွေ အဲဒီနယ်မြေထဲကထွက်သွားပြီးလား။ တပ်စခန်းချထားတာ ရှိနေသေးလား။ ကျနော်တို့တပ်ဖွဲ့ကသွားကြည့်တာပေါ့၊ သွားစစ်ဆေးတဲ့သဘောပေါ့။ အဲလိုသွားရင်းနဲ့ တိုက်ပွဲဖြစ်သွားတာ။ တိုက်ပွဲက နာရီဝက်လောက်ဖြစ်တယ်။ အကျအဆုံးကတော့မရှိဘူး။ ကျနော်တို့ဘက်ကတော့ တစ်ယောက်ဒဏ်ရာရသွားတယ်လို့ နိုင်အောင်မငေး က ပြောပါတယ်။

မွန်ပြည်သစ်ပါတီနဲ့ ကေအန်ယူနယ်မြေထဲမှာ သစ်ခုတ်ထုတ်ရောင်းတဲ့ အငြင်းအပွားမှုနဲ့ နယ်မြေသတ်မှတ်ရေး ပြဿနာတွေ ရှိနေပြီး အခု အဓိက တိုက်ပွဲဖြစ်ရတဲ့ အကြောင်းအရင်းကလည်း သစ်ခုတ်ရောင်းတဲ့ပြဿနာဖြစ်တယ်လို့ နိုင်အောင်မငေး က ပြောပါတယ်။

သစ်ခိုးထုတ်တဲ့ပြဿနာကြောင့် လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၄ ရက်နေ့က မွန်ပြည်သစ်ပါတီနဲ့ ကေအန်ယူတပ်ဖွဲ့အကြား အလားတူ တိုက်ပွဲတကြိမ်ဖြစ်ခဲ့ပြီး နှစ်ပတ်အတွင်း တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ အခုတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ကေအန်ယူကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း အဆက်အသွယ်မရခဲ့ပါဘူး။

တိုက်ပွဲကြောင့်ပြေလည်မှုရအောင် ကေအန်ယူနဲ့မွန်ပြည်သစ်ပါတီ ညှိနှိုင်း