သမ္မတထရမ့်ရဲ့ စီးပွားရေးအကြံပေး နုတ်ထွက်

  • 7 မတ် 2018
ဓာတ်ပုံ မူပိုင် AFP
Image caption မစ္စတာ Gary Cohnက နုတ်ထွက်ဖို့ သမ္မတထရမ့်နဲ့ ဆွေးနွေးခဲ့တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ထိပ်တန်း စီးပွားရေး အကြံပေး Gary Cohn နုတ်ထွက်သွားတယ်လို့ အိမ်ဖြူတော်က ကြေညာပါတယ်။

အခုရက်ပိုင်းအတွင်း သမ္မတထရမ့် အုပ်ချုပ်ရေး အဖွဲ့ထဲက ထိပ်တန်းအကြံပေးတွေ ဆက်တိုက် နုတ်ထွက်နေကြပါတယ်။

မစ္စတာ Gary Cohnက သူနုတ်ထွက်ရတာနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာ နိုင်ငံအတွက် အလုပ်လုပ်ပေးရတာကို ဂုဏ်ယူသလို သမ္မတရဲ့ အုပ်ချုပ်ရေး အဖွဲ့အနာဂတ်မှာ အောင်မြင်ဖို့ ဆန္ဒပြုတယ်လို့ မစ္စတာ Gary Cohnက ပြောဆိုပါတယ်။

အရင်ရက်ပိုင်းကတည်းက မစ္စတာ Gary Cohnက နုတ်ထွက်ဖို့ သမ္မတထရမ့်နဲ့ ဆွေးနွေးခဲ့တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

သမ္မတထရမ့်ကလည်း မစ္စတာ Gary Cohnဟာ အရည်အချင်းရှိသူဖြစ်ပြီးတော့ သူရဲ့ တာဝန်ယူ ဆောင်ရွက်ခဲ့တာတွေအတွက် ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

ဘာကြောင့် နုတ်ထွက်ရသလဲဆိုတာကိုတော့ ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိပါဘူး။

မစ္စတာ Gary Cohnဟာ သမ္မတထရမ့်ရဲ့အခွန် ပြုပြင်ပြောင်းလဲရေးအတွက် အကူအညီ ပေးနေတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption မစ္စတာ Gary Cohnဟာ သမ္မတထရမ့်ရဲ့အခွန် ပြုပြင်ပြောင်းလဲရေးအတွက် အကူအညီ ပေးနေတာလည်း ဖြစ်ပါတယ်။

အမေရိကန်ကို သွင်းတဲ့ အလှူမီနီယံနဲ့ သံမဏိတွေအပေါ်မှာ အခွန်စည်းကြပ် ကောက်ခံမယ့် သမ္မတရဲ့ အစီအစဉ်က မစ္စတာ Gary Cohnကို ဒေါသ ထွက်စေတယ်လို့ ခန့်မှန်းမှုတွေ ထွက်ပေါ်နေပါတယ်။ မစ္စတာ Gary Cohnဟာ လွတ်လပ်စွာ ကုန်သွယ်မှုကို ထောက်ခံသူ တဦးလည်း ဖြစ်ပါတယ်။

သမ္မတထရမ့်နဲ့ Gary Cohnတို့သိပ်အစေးမကပ်ဘူးဆိုတဲ့ ကောလဟလ တွေလည်း ထွက်ပေါ်နေပါတယ်။

ဝါရှင်တန်က ဘီဘီစီသတင်းထောက် Anthony Zurcherကတော့ မစ္စတာ Gary Cohnဟာ ရီပတ်ဘလီကင်တွေကြားထဲ ရောက်နေတဲ့ ဒီမိုကရက်တစ် တယောက်ဖြစ်ပြီး သမ္မတထရမ့်ကို သစ္စာရှိသူ အများစုက မခေါ်ဘဲ ရောက်လာတဲ့သူ တဦးအဖြစ် ရှုမြင်တယ်လို့ သုံးသပ်ပါတယ်။

အရင်ရက်ပိုင်းကလည်း သမ္မတထရမ့်ရဲ့ ဆက်ဆံရေး အရာရှိ မစ္စစ် Hope Hicks နုတ်ထွက်ခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ