အစိုးရက လက်မခံပေမဲ့ ရခိုင်လွှတ်တော်က မြောက်ဦးအရေး စုံစမ်းမယ်

  • 7 မတ် 2018
ဓာတ်ပုံ မူပိုင် U Khine Moe
Image caption မြောက်ဦးပဋိပက္ခ သေဆုံးဒဏ်ရာရသူတွေကို မြောက်ဦးဆေးရုံမှာ ထားခဲ့စဉ်က လာရောက်ကြည့်ရှုသူတွေ

မတ်လ ၆ ရက်နေ့က စတင်ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယ အကြိမ် ဆဋ္ဌမ ပုံမှန်အစည်းမှာ လွှတ်တော်ကနေ ဖွဲ့စည်းပေးထားတဲ့ မြောက်ဦးဖြစ်စဉ် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ရခိုင်ပြည်နယ် အစိုးရကနေ ကန့်ကွက်ထားတဲ့ အတွက် နာမည် ပြောင်းဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ လ ၁၆ ရက်နေ့က မြောက်ဦးဖြစ်စဉ်မှာ ရဲက လူအုပ်ဖြိုခွဲရာမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့အတွက် လူ ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ ရခိုင်ပြည်နယ် လွှတ်တော်ကနေ အဖွဲ့တစ်ခုကို ဖွဲ့စည်းပေးခဲ့ပါတယ်။ ဒါကို ရခိုင်ပြည်နယ် အစိုးရကနေ ကန့်ကွက်ထားတဲ့ အတွက် အခုအချိန်ထိ ဒီအဖွဲ့အနေနဲ့ မြောက်ဦးဖြစ်စဉ်ကို စစ်ဆေးနိုင်ခြင်း မရှိသေးပါ။ မနေ့က စတင်ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော် ရှေ့ရက်တွေမှာတော့ ဒီကော်မတီကိစ္စကို ဆွေးနွေးမယ်လို့ အဲဒီစစ်ဆေးရေး အဖွဲ့ရဲ့ အတွင်းရေးမှူး မြောက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ခုလို ပြောပါတယ်။

အခုကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးကနေ မြောက်ဦးစုံစမ်းလေ့လာရေးအဖွဲ့ကိုဖွဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင် စုံစမ်းစစ်ဆေးသွားမယ်လို့ ဦးထွန်းသာစိန်က ပြောပါတယ်။

ရခိုင်ပြည်နယ် လွှတ်တော်ကနေ မြောက်ဦး စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း တာဝန်ပေးအပ်တာဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၁၆၇၊ ပုဒ်မခွဲ (က) ပါ ပြဌာန်းချက်နဲ့ မညီတဲ့ အပြင် အစိုးရရဲ့ လုပ်ပိုင်ခွင့် ဖြစ်တဲ့့ အတွက် ရခိုင်ပြည်နယ်က ဌာနဆိုင်ရာတွေအနေနဲ့ လွှတ်တော်ကနေ ဖွဲ့စည်ထားတဲ့့စုံစမ်းရေး အဖွဲ့နဲ့ မပူးပေါင်း မဆောင်ရွက်ဖို့ ရခိုင်အစိုးရက ညွှန်ကြားစာထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ လွှတ်တော် စုံစမ်းရေး အဖွဲ့က လုပ်ငန်းတွေကို ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။ ဒီလွှတ်တော် အစည်းအဝေးမှာတော့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကိုတော့ နာမည် ပြောင်းလဲ ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။

လွှတ်တော် ဥပဒေအရ စုံစမ်းစစ်ဆေးမှာဖြစ်ပြီး အစိုးရဘက်က ကန့်ကွက်တာတွေ ရှိပေမဲ့လည်း စုံစမ်းမှုကို လုပ်သွားမယ်လို့ ဦးထွန်းသာစိန်က ပြောပါတယ်။

မြောက်ဦးဖြစ်စဉ်နဲ့ ပတ်သက်ပြီး အစိုးရပိုင်းကရော ရဲတပ်ဖွဲ့ကပါ မြေပြင်ထိ ကွင်းဆင်း စစ်ဆေးတာတွေ ရှိခဲ့ပေမယ့် တရားဝင် လူသိရှင်ကြား ထုတ်ပြန်တာမျိုး မရှိတဲ့ အတွက် ရခိုင်ပြည်သူ အများစုကတော့ မြောက်ဦးဖြစ်စဉ်နဲ့ ပတ်သက်ပြီး လွတ်လပ်စုံစမ်းရေး အဖွဲ့ဖွဲ့ပြီး စစ်ဆေးဖို့လိုလားနေကြပါတယ် ။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ