အော်ရန်ဂူတန် ဆေးလိပ်သောက်တဲ့ ရုပ်သံကြောင့် တိရစ္ဆာန်ရုံ ဝေဖန်ခံရ

  • 8 မတ် 2018
Image caption ဒီရုပ်သံဟာ လူမှုရေးကွန်ရက်ပေါ်ကို ပျံနှံ့သွားပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ အော်ရန်ဂူတန် မျောက်ဝံ ဆေးလိပ် သောက်နေတာကို ရိုက်ထားတဲ့ ဗွီဒီယိုဖိုင် လူမှုကွန်ရက်ပေါ် ပျံနှံ့သွားပြီးနောက် တိရစ္ဆာန်ဥယျာဉ် ဝန်ထမ်းတွေကို တိရစ္ဆာန်အရေးလှုပ်ရှားသူတွေက ဝေဖန်လိုက်ပါတယ်။

မြို့တော် ဂျာကာတာနဲ့ ၉၃ မိုင်အကွာ ဘန်ဒေါင်း တိရစ္ဆာန်ရုံကို အလည်လာတဲ့ ဧည့်သည်တွေက မီးညှိထားတဲ့ စီးကရက်တလိပ်ကို အော်ရန်ဂူတန်ရှိရာကို ပစ်ပေးခဲ့ပြီး မျောက်ဝံက ဆေးလိပ်ဖွာတာကို ဗွီဒီယိုနဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။

ဒီရုပ်သံဟာ လူမှုရေးကွန်ရက်ပေါ်ကို ပျံနှံ့သွားပါတယ်။

အင်ဒိုနီးရှားတရိစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကို တည်ထောင်သူ Marison Gucianoကတော့ တရိစ္ဆာန်ရုံရဲ့ အားနည်းတဲ့ စီမံခန့်ခွဲမှုနဲ့ တရိစ္ဆာန်တွေကို စောင့်ရှောက်ရာမှာ စံနှုန်းမမီတာတွေကိုလည်း ဝေဖန်ပါတယ်။

Image caption ခုလိုထပ်မဖြစ်အောင် အရေးယူဆောင်ရွက်တာတွေ လုပ်သွားမယ်

အစောင့်တွေ အနားယူနေတဲ့ အချိန်မှာ ဒီလို ဖြစ်သွားတဲ့အတွက် တောင်းပန်တယ်လို့ တိရစ္ဆာန်ရုံက ထုတ်ပြန်ပါတယ်။

ခုလိုထပ်မဖြစ်အောင် အရေးယူဆောင်ရွက်တာတွေ လုပ်သွားမယ်လို့ တရိစ္ဆာန်ရုံ ပြောခွင့်ရ Sulhanက ပြောပါတယ်။

အလည်လာတဲ့သူတွေ တရိစ္ဆာန်တွေကို အစားအသောက် ဆေးလိပ်တွေ မပေးဖို့ သတိပေးထားတဲ့ ဆိုင်းဘုတ်တွေ ရှိတယ်လို့လည်း သူကဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဆေးလိပ်သောက်နှုန်း အမြင့်ဆုံးနိုင်ငံ ဖြစ်ပြီး တရိစ္ဆာန် ကာကွယ်ရေးနဲ့ ပတ်သက်ရင် ဆိုးဝါးတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။