လုံခြုံရေးကြောင့် သက်လူမျိုးတွေ နေရပ်စွန့်ခွာမှု များနေ

  • 11 မတ် 2018
ဓာတ်ပုံ မူပိုင် Reuters
Image caption သက်လူမျိုးတွေကို လုပ်ကိုင်စားသောက်လို့မရအောင် ခြိမ်းခြောက်ခံရမှုတွေလည်း ရှိနေ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းက သက်လူမျိုးတွေဟာ လုံခြုံရေးနဲ့ စားဝတ်နေရေးလိုအပ်ချက်တွေကြောင့် နေရပ်စွန့်ခွာမှု များနေတဲ့အတွက် လူမျိုးပျောက်မယ့် အန္တရာယ်ကို ရင်ဆိုင်နေရတယ်လို့ သက်လူမျိုး ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ မောင်တောမြို့နယ် လွှတ်တော်အမတ် ဦးလှထွန်းကျော်က ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ သက်လူမျိုး လူဦးရေ စုစုပေါင်း ၅၀ဝ၀ ခန့် ရှိတဲ့အနက် မောင်တောမြို့နယ် တဝိုက်က ရွာကိုးရွာမှာ အများစု စုဝေးနေထိုင်ကြပြီး အဲဒီ ဒေသမှာ လူဦးရေ ၂၇၀ဝ ခန့် အထိ နေထိုင်ကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒေသတွင်း ပဋိပက္ခတွေအပြီးမှာ အိမ်ထောင်စု အများစုက နေရာ အနှံ့ကို ထွက်ခွာသွားကြတဲ့အတွက် အခုလို လူမျိုးပျောက်မယ့် အန္တရာယ်ကို ရင်ဆိုင်နေရတာ ဖြစ်တယ်လို့ ဦးလှထွန်းကျော်က ပြောပါတယ်။

လက်ရှိ မောင်တောမြို့မှာဆိုရင် ယခင်က သက်လူမျိုး အိမ်ထောင်စု ၅၀ ခန့် ရှိရာကနေ ဌာနေ ပြည်သူ့စစ်တာဝန် ထမ်းဆောင်သူ သက်လူမျိုး အမျိုးသားတွေ အများစုနေတဲ့ နေအိမ် ၁၀ အိမ်လောက်ပဲ ကျန်တော့တယ်လို့လည်း ဦးလှထွန်းကျော်က ပြောပါတယ်။

သက်လူမျိုးတွေကို လုပ်ကိုင်စားသောက်လို့မရအောင် ခြိမ်းခြောက်ခံရမှုတွေလည်း ရှိတဲ့အပြင် စားဝတ်နေရေး၊သွားလာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲတွေပါ ရှိနေပေမယ့် အစိုးရပိုင်းကလည်း ရေရှည် ကူညီခြင်းမရှိဘူးလို့ သူက ဆက်ပြောပါတယ်။

သက်မျိုးနွယ်စုဟာ မြန်မာနိုင်ငံ ပထမဆုံး အခြေချ နေထိုင်လာတယ်လို့ သမိုင်းပညာရှင်တချို့က သုံးသပ်ထားတဲ့ ပျူ၊ ကမ်းယံ၊ သက် ဆိုတဲ့ မျိုးနွယ်စု သုံးစုထဲက တခု ဖြစ်တဲ့ အတွက် လူမျိုးပျောက်ကွယ် မသွားရေးကို နိုင်ငံတော် အစိုးရက အထူးအလေးပေး ဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်လို့လည်း ဦးလှထွန်းကျော်က ပြောဆိုခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဦးေသာင်းထွန်း