ချင်းပြည်နယ် တိုင်ကြားစာ စစ်တဲ့ ကော်မတီ အခက်အခဲဖြစ်နေ

  • 18 မတ် 2018
ဓာတ်ပုံ မူပိုင် PHYO LWIN AUNG
Image caption တိုင်ကြားစာ အများစုက မြေယာ အမှုအခင်းတွေ ဖြစ်

ချင်းပြည်နယ်မှာ အစိုးရထူထောင်ထားတဲ့ တိုင်ကြားစာ စိစစ်ရေးကော်မတီဟာ တိုင်စာ အများစုကို မဖြေရှင်းနိုင်သေးပဲ ရန်ပုံငွေ အကျပ်အတည်းကြောင့် အခင်းဖြစ်ရာ နေရာကို မသွားနိုင်တာကလည်း အဓိက အကြောင်းရင်း ဖြစ်တယ်လို့ ကော်မတီ ဥက္ကဋ္ဌ ဦးဖွေအာက ဘီဘီစီကို ပြောပါတယ်။

NLD အစိုးရတက်လာအပြီး ၂၀၁၆ ခုနှစ်ကစပြီး လက်ရှိအချိန်အထိ တိုင်ကြားစာ ၈၀ ကျော် ရရှိခဲ့ပေမယ့် ၂၀ နီးပါးကိုပဲ ဖြေရှင်းပေးနိုင်ခဲ့ပြီး အများစုကတော့ မြေယာ အမှုအခင်းတွေ ဖြစ်ပါတယ်။

အဲဒီ မြေယာ အမှုအခင်း အမျိုးအစားတွေကတော့ မြေအရောင်းအဝယ်၊ မြေယာ ကျူးကျော်မှု၊ ချင်းရိုးရာ ဘိုးဘွားပိုင်မြေ သတ်မှတ်ချက်နဲ့ ၂၀၁၂ လယ်ယာမြေ ဥပဒေမှာ ပါရှိတဲ့ မြေလွတ် မြေလပ် မြေရိုင်း စီမံ ခန့်ခွဲမှု ဥပဒေဆိုင်ရာ အငြင်းပွားမှုတွေ ဖြစ်ပါတယ်။

အခုလို အမှုတွေကို ဖြေရှင်းရာမှာ ကော်မတီအတွက် မော်တော်ယာဉ် အခက်အခဲ ရှိတဲ့အပြင် ချင်းပြည်နယ် လွှတ်တော်မှာလည်း ကော်မတီအတွက် ခရီးစဉ်တွေ တင်ပြခဲ့ပေမယ့် အလေးပေး ဆောင်ရွက်မှု မရှိခဲ့ဘူးလို့လည်း ဦးဖွေအာက ပြောပါတယ်။

အဲဒီ ကော်မတီ ဖွဲ့စည်းခဲ့တဲ့ သုံးနှစ်တာ ကာလအတွင်းမှာ အမှု ၂၀ နီးပါးပဲ ဖြေရှင်း ဖြစ်ခဲ့တာဟာ ကော်မတီ ဥက္ကဋ္ဌတွေ အပြောင်းအလဲ များတာကလည်း အကြောင်းရင်းတခုဖြစ်ပြီး ဦးဖွေအာကတော့ တတိယမြောက် ဥက္ကဋ္ဌဖြစ်တယ်လို့ ဆိုပါတယ်။

ကော်မတီက ရရှိထားတဲ့ တိုင်ကြားစာတွေထဲမှာ ဒေသခံ လွှတ်တော် အမတ်တွေကို တိုင်ကြားထားတာတော့ မရှိဘူးလို့ ဦးဖွေအာက ပြောပါတယ်။

ချင်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ပူးဇိုဘွဲကတော့ ချင်းပြည်နယ် အစိုးရမှာ အဲဒီ ကော်မတီအတွက် ဒီနှစ်အတွင်း ကား ၂ စီး ဝယ်ယူထားပြီး ကွင်းဆင်း ဆောက်ရွက်မှုတွေ လုပ်နိုင်ပြီ ဖြစ်ပေမယ့် နိုင်ငံတော် ရန်ပုံငွေကိုလည်း စနစ်တကျ သုံးစွဲသင့်တယ်လို့ ဘီဘီစီကို ပြောဆိုခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ