အောင်မြေသာစံစခန်း ဝိုင်းခံရလို့ ရဲက သေနတ်ပစ် လူစုခွဲ

  • 19 မတ် 2018
Image caption ရဲက သေနတ် ပစ်ဖောက် လူစုခွဲ

မန္တလေးတိုင်း အောင်မြေသာစံ မြို့နယ် အမှတ် ၄ နယ်မြေ ရဲစခန်းကို ဝိုင်းခဲ့ကြသူတွေထဲက ၁၁ ယောက်ကို ဖမ်းဆီးထားတယ်လို့ မန္တလေး ခရိုင်ရဲတပ်ဖွဲ့က ဘီဘီစီကို ပြောပါတယ်။

အသက် ၇နှစ်အရွယ် မိန်းကလေးငယ်ကို အတင်းအဓမ္မမှုပြုခဲ့မှုနဲ့ အသက် ၄၈နှစ်အရွယ် အမျိုးသားတဦးကို ဖမ်းဆီး စစ်ဆေးနေတဲ့ ရဲစခန်းကို မတ်လ ၁၈ ရက်ညနေပိုင်းက လူအုပ်က ဝိုင်းခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးထားသူကို ထုတ်ပေးဖို့ အဲဒီ လူအုပ်က အော်ဟစ် တောင်းဆို ခဲ့ကြပြီး၊ ခဲတွေနဲ့ ပစ်တဲ့အထိ ဖြစ်လာ ခဲ့ပါတယ်။

ဒါ့ကြောင့် လူအုပ်ကို ခွဲဖို့ ရဲက သေနတ် ပစ်ဖောက် ခဲ့ပါတယ်။

ဖမ်းဆီးထားသူတွေကို ပုဒ်မ အသီးသီးတပ်ပြီး အရေးယူထားတယ်လို့ မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမျိုးအောင်က ဘီဘီစီကို ပြောပါတယ်။

မုဒိန်းမှုနဲ့ ဖမ်းဆီးထားသူကိုလည်း သက်ဆိုင်ရာ ပုဒ်မတပ်ပြီး ဖမ်းဆီး တရားစွဲဆို အရေးယူ သွားမှာ ဖြစ်တဲ့ အတွက် ဥပဒေနဲ့ မညီတဲ့ တောင်းဆိုမှုတွေကို လက်ခံမှာ မဟုတ်ဘူးလို့ ဒုရဲမှူးကြီးမျိုးအောင်က ဆိုပါတယ်။

Image caption သက်ငယ်မုဒိမ်းမှု ပိုတိုးလာနေတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ဖေါ်ပြ

အဲဒီသူကို ပုဒ်မ ၃၇၇ ဓမ္မတာ အတိုင်းမဟုတ်ဘဲ အဓမ္မပြုကျင့်မှုနဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ နားလည်ရပါတယ်။

အမရဋ္ဌာနီအရှေ့ ရပ်ကွက်မှာ သက်ငယ်မုဒိမ်းမှု ဖြစ်ပွားခဲ့ပြီး မုဒိမ်းမှု ကျူးလွန်သူလို့ ယူဆရသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားခဲ့ရာ အဲဒီလူကို ထုတ်ပေးဖို့ လူအုပ်ကြီးက တောင်းဆိုရာက အခုလို ဆူပူမှု ဖြစ်ခဲ့တာပါ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လွတ်လပ်အတွေးဆွေးနွေးဖလှယ်

မတ်လ ၁၅ ရက်နေ့က အသက် ၇နှစ်အရွယ် မိန်းကလေးကို မတော်မတရား ပြုကျင့်မှုနဲ့ မတ်လ ၁၈ ရက်နေ့မှာ မိဘ ဖြစ်သူတွေက အောင်မြေသာစံ အမှတ် ၄ ရဲစခန်းမှာ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် မုဒိမ်းမှု ကျူးလွန်ခဲ့တယ်လို့ ယူဆရသူကို မတ်လ ၁၈ ရက်ညနေမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် လူသုံးဆယ်လောက်က ရဲစခန်းကို ခဲတွေနဲ့ ပစ်ပေါက်ကာ ဖမ်းဆီးထားသူကို ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ လူအင်အား များလာကာ အယောက် တရာကျော် အထိ စုဝေးလာခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ