ပုဂံဘုရားတွေရဲ့ အန္တရာယ်ရှိနိုင်တဲ့ အပိုင်းတွေကို ဖယ်ရှား

  • 20 မတ် 2018
Image caption ပုဂံဘုရားတွေ

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေမှာရှိတဲ့ ရှေးဟောင်းဘုရားတွေကြံ့ခိုင်ရေးအတွက် အန္တရာယ်ရှိ အစိတ်အပိုင်းတွေကို ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနရဲ့ ဦးဆောင်မှုနဲ့ ဖယ်ရှား ရှင်းလင်းနေပါတယ်။

ပုဂံရှေးဟောင်းဘုရားတွေထဲက ၁၉၇၅ ခုနှစ် ငလျင်ဒဏ် ထိခိုက်ခံစားခဲ့ရတဲ့ ဘုရားတွေနဲ့ ၁၉၉၆ ခုနှစ်နောက်ပိုင်း အသစ်ပြန်တည်ထားတဲ့ ဘုရား၊ စေတီတွေကို ဝန်လျော့တဲ့အနေနဲ့ ပိုနေတဲ့ အစိတ်အပိုင်းတွေကို ဖယ်ရှားရှင်းလင်းတာလို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက ပြောပါတယ်။

ဓမ္မရာဇက ဘုရားရဲ့ ငှက်ပျောဖူးထိပ်ပိုင်းမှာ ရှိတဲ့ဟာ အစိတ်အပိုင်းတွေဆိုရင် အင်မတန် အန္တရာယ်ရှိတယ်လို့ ရှေးဟောင်း သုုတေသနဘက်က ဆိုထားတာပါ။

ဒါ့အပြင် သဗ္မူလဘုရားတို့ မင်္ဂလာစေတီတို့ရဲ့ ကွမ်းတောင်တွေရဲ့ အထက်မှာရှိနေတဲ့ အထုပ်တွေက နောက်ပိုင်းမှာ ပြန်ပြင်ထားတဲ့ အသစ်တွေဖြစ်ပြီး ငလျင်ဒဏ်လည်းထိထားကာ အန္တရာယ်လည်း ရှိတဲ့အတွက် အဲဒါမျိုးတွေကို ဖယ်ရှားရတယ်လို့ ရှေးဟောင်း သုတေသနနဲ့ အမျိုးသား ပြတိုက်ဦးစီးဌာန ( ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ဘီဘီစီကို ပြောပါတယ်

၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်က မြန်မာနိင်ငံအလယ်ပိုင်း ချောက်မြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့် ပုဂံရှေးဟောင်းဒေသမှာရှိတဲ့ စူဠမဏိစေတီ၊ ထီးလိုမင်းလိုဘုရား၊ တောင်ဂူနီ၊မြောက်ဂူနီစတဲ့ ပုဂံဘုရားအတော်များများ ထီးတော်အထက်ပိုင်း ပြိုကျခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၈ ခုနှစ် မတ်လ ၄ ရက်မှာလည်း စိမ်းညက်ညီအစ်မဘုရားအနီးမှာ တည်ရှိတဲ့ ပုဂံဘုရားအမှတ် ၁၀၆၆ ဟာ ရုတ်တရက် တစ်ဆူလုံးနီးပါး ပြိုကျပျက်စီးခဲ့ပါတယ်။

၂၀၁၆ ခုနှစ် ငလျင်နောက်ပိုင်း ရှေးဟောင်းပုဂံဘုရားတွေကို အကြီးစားပြုပြင်နေတဲ့အပြင် ဘုရားစေတီတချို့ကို အလေးဝန်လျှော့ ရှင်းလင်းမှုကို ယူနက်စကိုရဲ့ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်နေတယ်လို့ ညွှန်ကြားရေးမှုး ဦးအောင်အောင်ကျော်က ပြောပါတယ်။

လက်ရှိအချိန်ထိ အလေးဝန်လျော့ ထိန်းသိမ်းပြုပြင်ပြီးတဲ့ ရှေးဟောင်းဘုရားစေတီ ၆၀ ကျော်ရှိနေပြီး၊ ကျန်ရှိနေသေးတဲ့ ပုဂံရှေးဟောင်းဘုရားတွေကိုလည်း ရေရှည်ကြံခိုင်စေဖို့ အလေးဝန်လျော့ ထိန်းသိမ်းပြုပြင်မှုတွေ ဆက်လုပ်ဆောင်မယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာန တာဝန်ရှိသူက ပြောဆိုပါတယ်။

Image caption အာနန္ဒာဘုရားနံရံဆေးရေးပန်းချီတွေအပေါ် ထုံးသုတ်ခဲ့လို့ နိုင်ငံတကာ အကူအညီနဲ့ ထုံးတွေပြန်ဖယ်ရှားခဲ့ရ

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ