ANP ဖက်ဒရယ် ဆွေးနွေးပွဲ ကျင်းပခွင့် မရ

  • 20 မတ် 2018
ဓာတ်ပုံ မူပိုင် ANP
Image caption စစ်တွေမြို့ ပါတီ ဌာနချုပ်မှာ စည်းဝေး

ရခိုင်အမျိုးသား ပါတီ ( ANP) နဲ့ ရခိုင်ပြည်နယ် အစိုးရအကြားမှာ ဆက်ဆံရေး အဆင်မပြေမှုတွေ ပေါ်ပေါက်နေချိန်မျာ အိန္ဒိယ နိုင်ငံက ပညာရှင် နှစ်ဦးနဲ့ စစ်တွေမြို့မှာ မတ်လ ၂၀ ရက်နေ့မှာ စတင် ပြုလုပ်မယ့် ANP ရဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ရခိုင်ပြည်နယ် အစိုးရကနေ ဟန့်တားတဲ့ အတွက် ပြုလုပ်မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။

ရခိုင်အမျိုးသားပါတီက မြို့နယ် ကိုယ်စားလှယ်တွေ၊ ရခိုင်ပြည်နယ် လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ စုစုပေါင်း ကျော် ၁၀၀ နဲ့ စစ်တွေမှာ စတင်ပြုလုပ်မယ့် ၂ ရက်ကြာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ရခိုင်ပြည်နယ် အစိုးရကနေ ဟန့်တားတဲ့ အတွက် မပြုလုပ်ရဘဲ ရပ်ဆိုင်းလိုက်ရတာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲ မှာ နိုင်ငံခြား သား ၂ ယောက် ပါရှိမှာ ဖြစ်တဲ့ အတွက် သက်ဆိုင်ရာ ကို အသိပေးပြီးမှ လုပ်တဲ့ ပွဲ ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ (၂) ဦးခိုင်ပြည်စိုးက ဘီဘီစီကို ပြောပါတယ်။

ရဲ က ဟန့်တားရာမှာ ဟိုတယ် ပိုင်ရှင်ကို လုပ်ပိုင်ခွင့်မပြုဖို့ ဖိအားပေး ပြောဆိုတာမျိုး ရှိပြီး ရခိုင်အမျိုးသားပါတီက တာဝန်ရှိသူတွေကိုတော့ တစ်စုံတစ်ရာ အကြောင်းကြားတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

ဒီအတွက် ANP ပါတီက တာဝန်ရှိသူတွေဟာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့ သွားရောက်တွေ့ဆုံပြီး အကျိုးအကြောင်းရှင်းပြတဲ့ အခါ န်ိုင်ငံခြားရေး ဝန်ကြီးဌာနက ခွင့်ပြုချက် ပါဖို့လိုတယ်လို့ ဝန်ကြီးချုပ်က ပြောဆိုတယ်လို့ ဦးခိုင်ပြည်စိုးက ပြောပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဌာနက ခွင့်ပြုချက် ယူဖို့ အချိန်မရှိတော့သလို အခုလို ဖိအားပေးခံရတဲ့ အတွက် ဟိုတယ်ပိုင်ရှင်နဲ့ အိန္ဒိယက ပညာရှင်နှစ်ဦးရဲ့ လုံခြုံရေးကို ငဲ့ညှာပြီး အလုပ်ရုံဆွေးနွေးပွဲကို ရပ်ဆိုင်းလိုက်တယ်လို့ သူက ပြောဆိုပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရကို တစုံတရာ တရားဝင် ခွင့်ပြုချက်မတင်တဲ့ အတွက် ခွင့်မပြုတာ ဖြစ်တယ်လို့ ရခိုင်နယ်လုံ ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က ဘီဘီစီကို ပြောပါတယ်။

ရခိုင်အမျိုးသားပါတီ အနေနဲ့ ခုလို အိန္ဒိယ ပညာရှင်တွေ ပါဝင်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် အလုပ်ရုံဆွေးနွေးပွဲတွေကို ရန်ကုန်မှာရော ရခိုင်မှာပါ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ပေမယ့် တစ်ကြိမ်မှ ဟန့်တားခံခဲ့ရတာမရှိဘဲ ဒီအကြိမ်မှာမှ ဟန့်တားခံရတာဟာ ရခိုင်ပြည်နယ် အစိုးရနဲ့ ရခိုင်ပြည်နယ် က အင်အားအကြီးဆုံး ရခိုင်အမျိုးသား ပါတီအကြားမှာ ဆက်ဆံရေး အဆင်မပြေမှု လူသိရှင်ကြား ထုတ်ဖော်ပြသလိုက်တဲ့ ဖြစ်ရပ်လို့ ဝေဖန်နေပါတယ်။

ဆက်စပ် အကြောင်းအရာများ