သမ္မတဦးထင်ကျော် ရာထူးမှ နုတ်ထွက်

  • 21 မတ် 2018
ဓာတ်ပုံ မူပိုင် Khin Mg Win ( Shwe Inn Thar )
Image caption နုတ်ထွက်သွားတဲ့ သမ္မတ ဦးထင်ကျော်

ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးထင်ကျော်ဟာ လက်ရှိတာဝန်မှအနားယူလိုတဲ့အတွက် ၂၀၁၈ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ကစပြီး နိုင်ငံတော်သမ္မတရာထူးက နုတ်ထွက်သွားပါတယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် လည်း မတ်လ ၂၁ နုတ်ထွက်စာတင်ခဲ့ပြီးဖြစ်ကြောင်း ပြည်သူ့လွှတ်တော်မှာ ကြေညာပါတယ်။

ဦးဝင်းမြင့်ဟာ သမ္မတရာထူးကို ဆက်ခံဖို့ရှိတယ်လို့ နေပြည်တော်က ခိုင်လုံတဲ့သတင်းရပ်ကွက်က ဘီဘီစီ ကိုပြောပါတယ်။

ဒုတိယပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် က လစ်လပ်သွားတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနေရာမှာဆက်လက်တာဝန်ယူမှာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်ဖြစ်တဲ့ ဦးထွန်းထွန်းဟိန် က ဒုတိယပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာဖို့ရှိတယ်လို့ နေပြည်တော်က ခိုင်လုံတဲ့သတင်းရပ်ကွက်က ဘီဘီစီ ကိုပြောပါတယ်။ ဦးထွန်းထွန်းဟိန်ဟာ ပြည်သူ့လွှတ်တော်ရဲ့ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။

သမ္မတရာထူးအပါအဝင် ထိပ်တန်းခေါင်းဆောင်အပြောင်းအလဲလုပ်ရတဲ့အကြောင်းအရင်းနဲ့ ပတ်သက်ပြီး လာမယ့် မတ်လ ၂၄ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုကော်မတီဝင်တွေကိုခေါ်ပြီး နေပြည်တော်မှာ ရှင်းလင်းပြောပြမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးနဲ့နီးစပ်တဲ့ ခိုင်လုံတဲ့သတင်းရပ်ကွက်က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Khin Mg Win ( Shwe Inn Thar )
Image caption ဦးထင်ကျော် သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့စဉ်က

ဆက်စပ် အကြောင်းအရာများ