သမ္မတလောင်းကို ဘယ်လိုရွေးချယ်မလဲ

  • 22 မတ် 2018
ဓာတ်ပုံ မူပိုင် EPA
Image caption ပြည်သူ့လွှတ်တော် အစည်းအဝေး

ပြည်သူ့လွှတ်တော် ရွေးကောက်ခံ ကိုယ်စားလှယ် အစုအဖွဲ့တွေက ဒုသမ္မတလောင်း အမည်စာရင်းကို လွှတ်တော်မှာ မတ် ၂၂ ရက်မှာ တင်သွင်းဖို့ ရှိနေပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)ကတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရာထူးကနေ နုတ်ထွက်သွားတဲ့ ဦးဝင်းမြင့်ကို ဒုသမ္မတလောင်း အမည် စာရင်းမှာ တင်သွင်းမှာ ဖြစ်သလို တခြား ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကလည်း ဒုသမ္မတလောင်း တဦး တင်သွင်းလာနိုင်တယ်လို့ ဆိုပါတယ်။

ဒီလို တင်သွင်းလာတဲ့ အမည်စာရင်းကို မဲပေးရွေးချယ်ပြီးတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်၊ လွှတ်တော်နဲ့ တပ်မတော် ကိုယ်စားလှယ်အစုအဖွဲ့တို့ ပါဝင်ဖွဲ့စည်းထားတဲ့ စိစစ်ရေးအဖွဲ့က ရွေးချယ်ထားတဲ့သူဟာ သမ္မတ အရည်အချင်းနဲ့ ကိုက်ညီမညီ စိစစ်သွားမှာလို့ လှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ပြောပါတယ်။

ဒီလို စိစစ်ရွေးချယ်ထားတဲ့ ဒုသမ္မတနဲ့ လက်ရှိ ဒုသမ္မတ ဦးမြင့်ဆွေ၊ ဦးဟင်နရီ ဗန်ထီးယူတို့ကို ပြည်ထောင်စု လွှတ်တော်မှာ သမ္မတအဖြစ် မဲပေးရွေးချယ်ရမှာ ဖြစ်ပါတယ်။

သမ္မတကို ၇ ရက်အတွင်း အပြီးသတ် ရွေးချယ်ရမှာ ဖြစ်လို့ ရှေ့လာမယ့် သီတင်းပတ်မှာ သမ္မတတဦးကို အပြီးသတ် ရွေးချယ်ရမှာ လို့လည်း ဦးအောင်ကျော်ကျော်ဦးက ပြောပါတယ်။

ဒုသမ္မတလောင်း ရွေးချယ်နေချိန်မှာပဲ လစ်လပ်နေတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နေရာကို ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဝင်ဟောင်း ဦးတီခွန်မြတ်ကို ရွေးချယ်လိုက်ပါတယ်။

ဦးတီခွန်မြတ်ကို ရွေးချယ်ဖို့ အန်အယ်လ်ဒီ ပါတီက လမ်းညွန်ချက်ပေးခဲ့တာလို့လည်း ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ