ပုဂံရှေးဟောင်းဇုန်တွင်း ဟိုတယ်ဆောက်

  • 25 မတ် 2018
Image caption Bagan

ပုဂံ ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ တည်ရှိတဲ့ ဇုန်ထဲမှာ မြတ်မင်းကုမ္ပဏီက ဟိုတယ်ဆောက်နေတာကို ရှေးဟောင်းသုတေသနက တားမြစ်ကန့်ကွက်လိုက်ပါတယ်။

ဘန်ဂလို ၁၀၀ ကျော် အပါအဝင် အခန်း ၃၄၈ ခန်းပါဝင်တဲ့ ဟိုတယ် ကြီးစတင် ဆောက်လုပ်တဲ့နေရာဟာ စေတနာကြီးဘုရားနဲ့ ကျောင်းကြီးညီမ ဘုရား အနီးမှာရှိပြီး ကျောက်စကားမြို့ဟောင်း အပေါ်မှာလည်း ရှိတဲ့အတွက် သမိုင်းနဲ့ ရှေးဟောင်းသုတေသနဆိုင်ရာ အဖိုးတန်နေရာတခုဖြစ်လို့ အရပ်ဖက် အဖွဲ့အစည်းတချို့ကလည်း ကန့်ကွက်ထားကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဘီဘီစီ မြန်မာပိုင်းကနေ ရှေးဟောင်းသုတေသနနဲ့ အမျိုးသား ပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်ကို ဆက်သွယ်မေးကြည့်တဲ့အခါမှာတော့ ဒီကုမ္ပဏီဟာ ရှေးဟောင်းဌာနရဲ့ ခွင့်ပြုချက်မရှိပဲ ဟိုတယ်ဆောက်လုပ်နေတဲ့အတွက် လုပ်ငန်းတွေ ရပ်ဆိုင်းဖို့ ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတည်းက အကြောင်းကြားစာ ပေးပို့ခဲ့သလို မတ်လ ၂၄ ရက်နေ့မှာလည်း တတိယ ကြိမ်မြောက် ကန့်ကွက်စာ ပေးပို့ခဲ့တယ်လို့ ပြောပါတယ်။

ဒါကြောင့်လည်း ကုမ္ပဏီအနေနဲ့ လုပ်ငန်းရပ်ဆိုင်းတာမျိုး မရှိဘူးဆိုရင် နောက်အပတ်မှာ ဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပုဂံက လူလုပ်ကုန်း ဆောက်နေမှုကို ကန့်ကွက်

ပုဂံဘုရားတွေရဲ့ အန္တရာယ်ရှိနိုင်တဲ့ အပိုင်းတွေကို ဖယ်ရှား

အနှစ်တထောင် ပြည့်တော့မယ့် ပုဂံ

အစိုးရနဲ့ မသက်ဆိုင်တဲ့ အရပ်ဖက် အဖွဲ့အစည်းတခုဖြစ်တဲ့ မြန်မာနိုင်ငံရှေးဟောင်းသုတေသန ပညာအသင်းကလည်း ဒီလို ဟိုတယ်ကြီးဆောက်မယ့် ကိစ္စကို ကန့်ကွက်ပြီး ပုဂံကို ကယ်တင်ကြပါလို့ နှိုးဆော်ထားပါတယ်။

ဟိုတယ်တည်ဆောက်ခွင့်ကို မန္တလေးတိုင်းဒေသကြီး အစိုးရက ထောက်ခံချက်ပေးထားတယ်လို့ဆိုပြီး ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးရုံးက အလှူငွေ ကျပ် ၁၇၄ သိန်း ကောက်ခံထားတဲ့ ရုံးစာတစောင်ကိုလည်း ရှေးဟောင်းသုတေသနပညာအသင်းရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ အဲဒီစာနဲ့ပတ်သက်ပြီး ဘီဘီစီက သီးခြား အတည်ပြုချက်တော့ ရရှိမထားသေးပါဘူး။

ဆက်စပ် အကြောင်းအရာများ