MOI ရဲ့ အကယ်ဒမီ တုံ့ပြန်မှု ကို ဝေဖန်

  • 27 မတ် 2018
Image caption နိုင်ငံတော် အဖွဲ့အစည်း ပုံစံမျိုးဖြင့်သာ တုံ့ပြန် သင့်

မတ်လ ၂၃ ရက်နေ့ က ကျင်းပ ခဲ့တဲ့ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ပေးပွဲမှာ အကောင်းဆုံး တေး ဂီတ ဆု ရရှိ ခဲ့သူ စန္ဒယား ဦးတင်ဝင်းလှိုင် ရဲ့ ကျေးဇူး တင် စကား ထဲမှာ ထည့်သွင်း ပြောဆို ခဲ့တဲ့ အချက် အလက် တွေက မမှန် ကန်ဘူး ဆိုပြီးတော့ ပြန်ကြားရေး ဝန်ကြီး ဌာန က တုံ့ပြန် ခဲ့ပါတယ်။

နောက်ပြီး ပြန်ကြားရေး ဝန်ကြီး ဌာန ရဲ့ လူမှု ကွန်ရက် စာမျက်နှာ နဲ့ သတင်းစာ တွေ ကပါ။ ဦးတင်ဝင်းလှိုင် သို့ ပေးစာ ဆိုပြီး ဆောင်း ပါး တွေ ရေးသား ခဲ့ပါတယ်။

ပြန်ကြားရေး ဝန်ကြီးဌာန အနေနဲ့ နိုင်ငံပိုင် သတင်းစာ ကို အသုံးပြုပြီး ဦးတင်ဝင်းလှိုင် အပေါ် ကို တုံ့ပြန်တဲ့ လုပ်ရပ် က ပုဂ္ဂိုလ်ရေး ဆန်တယ် ဆိုပြီးတော့ စာနယ်ဇင်း ကောင်စီ အတွင်းရေးမှူး ဦးမြင့်ကျော် က ပြော ပါတယ်။

ဦးတင်ဝင်းလှိုင်ရဲ့ စွပ်စွဲ ပြောကြား ချက်တွေကို အချက်အလက် နဲ့ ပြန်လည် ဖြေရှင်းတာမျိုး၊ ထုတ်ပြန်ချက် သဘောမျိုး ထုတ်ပြန်ပြီး နိုင်ငံတော် အဖွဲ့အစည်း ပုံစံမျိုးဖြင့်သာ တုံ့ပြန် သင့်တယ် လို့လည်း သူ ဆိုပါတယ်။

နိုင်ငံပိုင် သတင်းစာ ဆိုတာ က ပြည်သူ အားလုံး နဲ့ သက်ဆိုင် တဲ့ အတွက် ပုဂ္ဂိုလ်ရေး ဆန်ဆန် ရေးသား ချက်တွေ ကို ဖော်ပြ ခဲ့တဲ့ ကိစ္စဟာ အရင် စစ် အစိုး ရ လက်ထက် က ပုံစံမျိုး ဖြစ်နေတယ် ဆိုတဲ့ ဝေဖန် မှုတွေ လည်း ရှိနေပါတယ်။

စန္ဒယား ဦးတင်ဝင်းလှိုင် က အကယ်ဒမီ ဆု လက်ခံ ရယူ စဉ်မှာ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဖေမြင့် ကို တိုင်တည် ပြီး မြန်မာ့ အသံမှာ အသံမလွှင့် နိုင်တာ အချိန်အတော် ကြာနေပြီ ဖြစ်ကြောင်း နဲ့ RCA စက် ဆယ်လုံး ရှိရာမှာ တစ်ခု ထဲ က သာ အလုပ်လုပ်တဲ့ အတွက် အဆင်မပြေ ဖြစ်နေရကြောင်း၊ ဒီကိစ္စ တွေကို ဆောင်ရွက် ပေးဖို့ ကျေးဇူးတင် စကား ထဲမှာ ထည့်သွင်း ပြောကြား သွား ခဲ့တာ ဖြစ်ပါတယ်။

အကယ်ဒမီ ပေးပွဲမှာ ဦးတင်ဝင်းလှိုင်ရဲ့ ကျေးဇူး တင် စကား ပြောကြား ခဲ့မှု ထဲမှာ ပါဝင်တဲ့ အချက် အလက် တွေဟာ မှန်ကန်မှု မရှိတဲ့ အတွက် မတ်လ ၂၉ ရက်နေ့မှာ MOI က သတင်းစာ ရှင်းလင်း ပွဲ လုပ်မယ်လို့ သိရပါတယ်။

ဒီကိစ္စ အပေါ်မှာ အခြေခံပြီး မမှန်မကန် ထပ်ဆင့် စွပ်စွဲ ပြောဆို မှုတွေ လုပ်ဆောင် နေတဲ့ လူပုဂ္ဂိုလ် တွေကိုလည်း တည်ဆဲ ဥပဒေ တွေ နဲ့ အရေး ယူ သွားမယ် ဆိုပြီး MOI က သတင်း ထုတ်ပြန် ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ