လက်ပံတောင်းဒေသခံ ၂ဦး ဖမ်းခံရ

  • 31 မတ် 2018
ဓာတ်ပုံ မူပိုင် AFP
Image caption ဒေသခံတောင်သူတွေ စီမံကိန်းရပ်ဆိုင်းဖို့ ဆန္ဒဖော်ထုတ်ခဲ့စဉ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အရှေ့ဘက်မှာရှိတဲ့ ဝက်မှေးရွာဟောင်းမှာ နေထိုင်ကြတဲ့ ရွာသူရွာသားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ဒေသခံနှစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ဖြစ်စဉ်မှာ ဝက်မှေးရွာဟောင်းကနေ ပြောင်းရွှေ့လိုတဲ့ အိမ်ထောင်စု ၆ စုဟာ ပစ္စည်းတွေသယ်ယူဖို့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေ အကူအညီနဲ့ ရွာတွင်းကို ကားနဲ့ဝင်ရောက်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ရွာခံတွေ တားမြစ်နေတဲ့ကြားက ဝင်ရောက်ခဲ့တဲ့အတွက် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရတာလို့ ရွာသားတွေက ပြောပါတယ်။

ဝက်မှေးရွာဟောင်းမှာ လက်ရှိနေထိုင်နေတဲ့ အိမ်ထောင်စုပေါင်း ၃၀ နီးပါးရှိပြီး ၂၀၁၂ ခုနှစ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် သူတို့ရဲ့လယ်ယာမြေတွေ သိမ်းဆည်းခံခဲ့ရပြီးကတည်းက ရွာအတွင်းကို ကားတွေနဲ့ဝင်ရောက်ပီး ပစ္စည်းတွေသယ်ယူခွင့်မပြုဖို့ ဒေသခံရွာသားတွေအကြား ဘုံသဘောတူထား ခဲ့တယ်လို့ ပြောပါတယ်။

အိမ်ထောင်စုတချို့က သဘောတူညီချက်ကို ချိုးဖောက်လို့ တားမြစ်ရာက ဒေသခံနှစ်ဦးဖြစ်တဲ့ မသွဲ့သွဲ့ဝင်းနဲ့ မစန်းလှတို့ ၂ ဦး ဖမ်းဆီးခေါ်ဆောင်ခံရတာဖြစ်တယ်လို့ ဝက်မှေးရွာသူ မဖြူဖြူဝင်းက ဘီဘီစီကို ပြောပါတယ်။

အိမ်ပြောင်းရွှေ့လိုတဲ့ ရွာခံတချို့ဟာ မိမိတို့နေအိမ်ဟောင်းက ပစ္စည်းတွေကို အများပိုင်ရွာလမ်းကနေ ကားနဲ့သယ်ဆောင်ဖို့ အကူညီတောင်းခံလာလို့ ရွာခံတွေအကြား မတ်လ ၂၈ ရက်က ညှိနှိုင်းမှုလုပ်ပေးပြီး လုံခြုံရေး ရဲတပ်ဖွဲ့အင်အားပေးဖို့ ကူညီပေးခဲ့တယ်လို့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က ပြောပါတယ်။

ရွာခံတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်တဲ့ပြင် ရဲတပ်ဖွဲ့ဝင်ဆီက လက်နက်လုလို့ ဖမ်းဆီးအရေးယူ ရတာဖြစ်တယ်လို့ ဒေါက်တာသိန်းနိုင်က ပြောပါတယ်။

ဝက်မှေးရွာဟောင်း ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့အကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သတ်ပြီး မတ်လ ၃၁ ရက်မှာ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရုံးမှာ ညှိနှိုင်းဖြေရှင်းကြမယ်လို့ ဒေါက်တာသိန်းနိုင်က ပြောပါတယ်။

ဝက်မှေး ရွာသူ မသွဲ့သွဲ့ဝင်းနဲ့ မစန်းလှတို့ကို ဝတ္တရားနှောက်ယှက်မှုနဲ့ အမှုဖွင့်ချုပ်ထားပြီး ၂ ယောက်လုံး ကျန်းမာရေးမကောင်းတဲ့အတွက် ဆားလင်းကြီးဆေးရုံမှာ အချုပ်နဲ့ ဆေးကုသမှု ခံယူနေကြရတယ်လို့ ဒေသခံအချို့ရဲ့ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ