တရုတ်နိုင်ငံထဲ တရားမဝင်နေထိုင်တဲ့ မြန်မာ ၁၅၀ ကို ပြန်ပို့

  • 2 ဧပြီ 2018
ဓာတ်ပုံ မူပိုင် Brang Awng
Image caption ဂျယ်ဂေါင်-မူဆယ် နယ်စပ်ကတဆင့် လွှဲပြောင်းပေးခြင်း ခံရသူတွေကို နယ်စပ်ဂိတ်မှာတွေ့ရစဉ်

တရုတ်နိုင်ငံထဲမှာ တရားမဝင်နေထိုင်နေလို့ဆိုပြီး တရုတ်ရဲက ဖမ်းဆီးထားတဲ့ မြန်မာ ၁၅၀ ကို တရုတ်ဘက်ကနေပြီး မူဆယ် ဂျယ်ခေါင်နယ်စပ်ကနေတဆင့် ဧပြီလ ၁ ရက်နေ့က လွှဲပြောင်းပေးအပ်လိုက်ပါတယ်။

တရက်တည်း အခုလို ရာနဲ့ချီတဲ့ မြန်မာရွှေ့ပြောင်းတွေကို လွှဲပြောင်းပေးအပ်မှုဟာ အရေအတွက်များတဲ့ လွှဲပြောင်းပေးအပ်မှုဖြစ်တယ်လို့ မူဆယ်ဒေသခံတွေက ပြောကြပါတယ်။

ဒီနှစ်ပိုင်းအတွင်း ပုံမှန်လွှဲပြောင်းပေးအပ်မှုတွေ ရှိပေမယ့် ဒီလို တရက်တည်း ၁၅၀ လောက် လွှဲပြောင်းပေးအပ်တာကတော့ တနေ့ချင်းအလိုက် ပြန်လည်လွှဲပြောင်းပေးအပ်မှုတွေမှာ အရေအတွက်များတဲ့ ရက်အဖြစ် မှတ်တမ်းထဲပါနေတယ်လို့ တရုတ်မြန်မာနယ်စပ်မှာ တာဝန်ကျတဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူအင်အားဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်လွှင်က ဘီဘီစီကို ပြောပါတယ်။

တရုတ်အနေနဲ့ သူ့နိုင်ငံထဲက ဒေသအနံ့ကိုရောက်နေတဲ့ အထောက်အထားမဲ့ မြန်မာတွေကို ဖမ်းဆီးပြီး မကြာခဏလွှဲပြောင်းပေးမှုတွေ ရှိခဲ့ဖူးတယ်လို့လည်း ဦးတင့်လွင်ကပြောပြီး ယခင်ကတော့ တချိုု့ရက်တွေမှာ ၃၀ လောက် ၊ တခါတလေ တရက်အတွင်း အများဆုံး ဦးရေ ၁၀၀ လောက်အထိသာ လွှဲပြောင်းပေးအပ်မှုတွေ ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ရွှေ့ပြောင်းတွေကို ပြန်လည်လွှဲပြောင်းပေးမှု စာရင်းတွေကို ကြည့်ရင် ယူနန်ပြည်နယ်ထဲကတင် မကပဲ နယ်စပ်ကနေတဆင့် ပီကင်းလောက်အထိ တရားမဝင်သွားရောက်သူတွေလည်း ပါလာလေ့ရှိတယ်လို့ ဦးတင်စိန်က ပြောပါတယ်။

တရုတ်ဘက်ကနေ မြန်မာတရားမဝင်ရွှေ့ပြောင်းတွေကို အခုလို တရက်တည်း အရေအတွက် တော်တော်များများ ဘာကြောင့် ပြန်ပို့သလဲဆိုတဲ့ အကြောင်းအရင်းကိုတော့ မသိရပါဘူး။

လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း တရုတ်ပြည်ဘက်မှာ ဘဏ်စာရင်းဖွင့်ထားတဲ့ မြန်မာကုန်သည်တွေရဲ့ ဘဏ်စာရင်းတွေ တရုတ်ဘက်က ပိတ်ထားခဲ့တယ်ဆိုတဲ့ သတင်းအချို့ ထွက်လာခဲ့ပါတယ်။

အခုလို သတင်းတွေထွက်လာပေမဲ့ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းကို ဘဏ်စာရင်းတွေ ပြန်ဖွင့်ရေးအတွက် အာဏာပိုင်တွေအချင်းချင်းညှိနှိုင်းရေး တိုက်တွန်းဖို့ အကူအညီတောင်းခံလာမှုတွေ မရှိသေးဘူးလို့ အဲဒီအသင်းက တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးထွန်းကိုကိုက ပြောပါတယ်။

လွန်ခဲ့တဲ့နှစ်တုန်းကလည်း တရုတ်နိုင်ငံကဘဏ်တွေမှာ အပ်နှံထားတဲ့ မြန်မာ ကုန်သည်တွေရဲ့ ဘဏ်စာရင်းကို တရုတ်ဘက်က ပိတ်ခဲ့ဖူးပြီး နယ်စပ်ကုန်သွယ်ရေးအတွက် အခက်အခဲဖြစ်စေလို့ ဆန္ဒပြမှုတွေလည်း ရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဘဏ်စာရင်းတွေ ပြန်ဖွင့်ပေးခဲ့တယ်လို့ ဦးထွန်းကိုကိုက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ