ရန်ကုန် အနောက်ဘက်ကမ်း မြို့သစ်ချဲ့ရေး အစိုးရ ကုမ္ပဏီထောင်

  • 2 ဧပြီ 2018
Image caption မြို့သစ်ချဲ့ဖို့တော့ အငြင်းပွားဖွယ်မရှိ လိုအပ်နေ

ရန်ကုန်မြစ် အနောက်ဘက်ကမ်းမှာ မြို့သစ် တိုးချဲ့ရေး အတွက် ရန်ကုန်တိုင်း အစိုးရပိုင် ကုမ္ပဏီ တည်ထောင်တဲ့ အပေါ် ဝေဖန်သံတချို့ ထွက်လာပါတယ်။

အစိုးရတစ်ရပ်က ပြည်သူ့ ဘဏ္ဍာတွေကို သုံးပြီး ကုမ္ပဏီ ထောင်တာ မျိုးဟာ ၊ အဆုံးသတ် မှာတော့ ပါဝင် ပတ်သက် နေတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေရဲ့ လက်ထဲ ကုမ္ပဏီ ရောက်သွားတာမျိုး သာဓကတွေ မြန်မာနိုင်ငံမှာ ရှိခဲ့တယ် ဆိုပြီး မန္တလေး တက္ကနိုလော်ဂျီ ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးဇော်နိုင်က ဘီဘီစီကို ပြောပါတယ်။

အရင်က ရှိခဲ့တဲ့ သမဝါယမ ဝန်ကြီးဌာနပိုင် စီဘီဘဏ် အပါအဝင်၊ အစိုးရ ဝန်ကြီး ဌာနက ဖွဲ့ထားတဲဘဏ်တွေဟာ အခုအချိန်မှာတော့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ လက်ထဲ ရောက်ကုန်ပြီလို့ ဦးဇော်နိုင်က ထောက်ပြ ပြောဆိုပါတယ်။

အခု ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် NYDC ဆိုပြီး ဖွဲ့ထားတာမှာအစိုးရ မတည်ငွေ ကျပ်ငွေ ၁ဝ ဘီလီယံနဲ့ စတင်မယ်လို့ ရန်ကုန်တိုင်း အစိုးရက ကြေညာ ထားပါတယ်။

လုပ်ငန်း တစ်ခုလုံး အထမြောက်အောင် ဆိုရင် ဒေါ်လာ သန်းထောင်ပေါင်းများစွာ ကုန်ကျမှာ ဖြစ်တဲ့ အတွက်၊ ပြင်ပ ရင်းနှီး မြှုပ်နှံမှုတွေ ပါဝင် လာမှာ ဖြစ်တယ်လို့ ဦးဇော်နိုင်က ဆိုပါတယ်။

Image caption NYDC မှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီး ၂ ဦး ၊ စီပွားရေးလုပ်ငန်းရှင် ၁ ဦးနဲ့ တတ်သိပညာရှင် ၂ ဦး စုစုပေါင်း ၅ ဦး ပါဝင်

အခု အစိုးရ သက်တမ်း ကုန်ချိန် နောက် ၃ နှစ်မှာ NYDC ရဲ့ အနာဂတ် ဘယ်လို ဖြစ်လာမလဲ ဆိုတာ ဘယ်သူမှ မပြောနိုင်ပဲ၊ လုပ်ငန်းရှင်တွေက အစိုးရ မတည်ငွေကို ပြန်အမ်းပြီး ကုမ္ပဏီကို ပိုင်ဆိုင် သွားတာမျိုး ဖြစ်လာမလားလို့ ဝန်ကြီးဌာနပိုင် ဘဏ်တွေ ပုဂ္ဂလိကပိုင် ဖြစ်သွားခဲ့ကြတာကို ရည်ညွှန်းရင်း ဦးဇော်နိုင်က ဝေဖန်ပါတယ်။

အစိုးရ အနေနဲ့ စီးပွားရေး ကုမ္ပဏီ တည်ထောင်တာမျိုးဟာ စျေးကွက် စီးပွားရေး ဖော်ဆောင်တဲ့ ဒီမိုကရေစီ နိုင်ငံမျိုးတွေမှာ မတွေ့ရသလောက် ဖြစ်နေပြီလို့လည်း ဦးဇော်နိုင်က ဆိုပါတယ်။

မြို့သစ်စီမံကိန်းကို အဆင့် ၅ ဆင့်နဲ့ ဆောင်ရွက် လုပ်ဆောင်ဖို့ စီစဉ်ထားပြီး၊ စီမံကိန်းမှာ ရင်းနှီးမြှပ်နှံလိုတဲ့ ကုမ္ပဏီ အဖွဲ့အစည်းတွေကို တင်ဒါခေါ်ယူ သွားမယ်လို့ NYDC ရဲ့ ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ ပြင်ပင် စီးပွားရေး လုပ်ငန်းရှင် မစ္စတာ ဆာ့ဂျ်ပန်း ခေါ် ဦးသိမ်းဝေက ဘီဘီစီကို ပြောပါတယ်။

NYDC မှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီး ၂ ဦး ၊ စီပွားရေးလုပ်ငန်းရှင် ၁ ဦးနဲ့ တတ်သိပညာရှင် ၂ ဦး စုစုပေါင်း ၅ ဦး ပါဝင်ဖွဲ့စည်း ထားတာ တွေ့ရပါတယ်။

ရန်ကုန်မြို့သစ် စီမံကိန်းရဲ့ ပထမအဆင့် အနေနဲ့ ၂ဝ၁၂ဝ အမှီ တည်ဆောက်မယ့် လုပ်ငန်းစဉ်တွေ အတွက် ဒေါ်လာ သန်း တစ်ထောင့်ငါးရာ ဝန်းကျင် ကုန်ကျဖို့ ကနဦး ရည်မှန်း ထားတယ် ဆိုပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြောထားပါတယ်။

Image caption မြို့ရဲ့ တောင်ဘက်နဲ့ မြောက်ဘက်တွေမှာ တိုးချဲ့သင့်တယ် ဆိုတဲ့ ဝေဖန် အကြံပေးမှု တချို့လည်း ရှိနေ

မြေဧက ၂ဝဝဝဝ ပေါ်မှာ မြို့သစ်တည်ဆောက်ရေး လုပ်ငန်းပထမ အဆင့်အနေနဲ့ ရွာမြို့နယ် ၅ ခု၊ တံတား ၂ စင်း၊ ၂၆ ကီလိုမီတာအရှည် ပင်မလမ်းကြောင်း၊ ၁ဝ စတုရန်း ကီလိုမီတာရှိတဲ့ စက်မှုဇုန်၊ လျှပ်စစ် ဓာတ်အားပေး ထုတ်လုပ်မှု စက်ရုံနဲ့ ရေသန့်နဲ့ ရေဆိုးထုတ် စက်ရုံတွေကို ပါဝင် တည်ဆောက်ဖို့ ရှိနေပါတယ်။

ရန်ကုန်မြို့အနေနဲ့ မြို့သစ် ချဲ့ထွင်ဖို့ မဖြစ်မနေ လိုအပ်နေတာဟာ အငြင်းပွားဖွယ်ရာ မရှိပေမယ့်၊ နုန်းမြေနုကြောင့် အောက်ခြေ မခိုင်မာတဲ့ အခုလို ကြည့်မြင်တိုင် တစ်ဘက်ကမ်း မှာ မြို့သစ်ချဲ့မယ့်အစား မြို့ရဲ့ တောင်ဘက်နဲ့ မြောက်ဘက်တွေမှာ တိုးချဲ့သင့်တယ် ဆိုတဲ့ ဝေဖန် အကြံပေးမှု တချို့လည်း ရှိနေပါတယ်။

အခု မြို့သစ်စီမံကိန်းကနေ အလုပ်အကိုင်သစ် ၂ သန်း ဖော်ထုတ်ဖို့ ရည်မှန်းထားပြီး၊ စီမံကိန်း ဧရိယာဟာ စင်္ကာပူနိုင်ငံ အရွယ်အစားထက် ၂ နီးပါး ကျယ်ဝန်းမယ်လို့ ရန်ကုန် တိုင်း အစိုးရအဖွဲ့ကတော့ မျှော်မှန်း ထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရန်ကုန် ကုန်တိုက်ကြီးတွေက ခရစ္စမတ်ဂီတ

ဆက်စပ် အကြောင်းအရာများ