ကုလလက်ထောက် အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ ခရီးစဉ်

  • 2 ဧပြီ 2018
Image caption ဒုက္ခသည်တွေနဲ့ တွေ့ဆုံနိုင်ဖို့ မျှော်လင့်ထား

မြန်မာနိုင်ငံ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေထဲက ပဋိပက္ခတွေကြောင့် ထိခိုက် ခံစားခဲ့ရသူတွေ အကြောင်း ကိုယ်တွေ့ လေ့လာ သိရှိနိုင်ဖို့ ဆိုပြီး လူသားချင်း စာနာ နားလည်မှု ဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် အာဆူလာ မူလာရဲ့ မြန်မာနိုင်ငံ ခရီးစဉ် ရှိနေပါတယ်။

ထိခိုက် ခံစားရသူတွေ အရေး တုံ့ပြန် ကိုင်တွယ် ဆောင်ရွက်နေပုံတွေ တိုးတက်လာဖို့ နည်းလမ်းတွေ အကြောင်း သက်ဆိုင်ရာသူတွေနဲ့ အကြား မစ္စမူလာ ဆွေးနွေး သွားမယ် ဆိုပြီး မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အကူအညီ ပေးရေး အဖွဲ့ ယူအဲန်အိုချာက ထုတ်ပြန် ပါတယ်။

ဧပြီလ ၂ ရက် ကနေ ၈ ရက် အထိ ကြာမြင့်မယ့် အခု ခရီးစဉ် အတွင်းမှာ မစ္စမူလာ အနေနဲ့ ရန်ကုန်နဲ့ နေပြည်တော်မြို့ တွေမှာ အစည်းအဝေးတွေ ပြုလုပ် သွားဖို့ ရှိသလို၊ ကွင်းဆင်း ကြည့်ရှု သွားမယ်လို့ ဆိုပါတယ်။

Image caption ရှမ်းနဲ့ ကချင်ထဲမှာလည်း အရပ်သားတွေ စစ်ဒဏ်ကို ခံစားရဆဲ

ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် အနေနဲ့ သက်ဆိုင်ရာ အစိုးရ အာဏာပိုင်တွေနဲ့ သာမက၊ အကူအညီ လိုအပ်နေသူ ကာယကံရှင်တွေ နဲ့ပါ တွေ့ဆုံနိုင်ဖို့ မျှော်လင့်ထားတယ် ဆိုပြီး ယူအဲန်အိုချာရဲ့ ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

ရခိုင်ပြည်နယ် အကြပ်အတည်းကြောင့် သိန်းနဲ့ ချီတဲ့ မွတ်ဆလင်တွေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး သွားခဲ့တဲ့နောက်၊ ဒုက္ခသည် ပြန်လည် လက်ခံရေး အတွက် မြန်မာ အစိုးရက ပြင်ဆင် နေပြီး ဒေသတွင်း ဖွံ့ဖြိုးရေး ကိစ္စတွေကိုပါ ကြိုးစား လုပ်ဆောင် နေပါတယ်။

Image caption ထိုင်းတောင်ပိုင်းအထိ ရောက်လာတဲ့ ရိုဟင်ဂျာလှေ

တခါ၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အတွင်းမှာလည်း အခု လပိုင်းတွေမှာပဲ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက် ရှိနေပြီး ထောင်နဲ့ချီတဲ့ အရပ်သားတွေ အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေး ခဲ့ကြရပါတယ်။

မကြာခင်မှာလည်း အာဆီယံနိုင်ငံတွေနဲ့ ကုလသမဂ္ဂကြား နှစ်ပတ်လည် ဆွေးနွေးပွဲ တစ်ရပ် အင်ဒိုနီးရှား နိုင်ငံမှာ ရှိနေပြီး မစ္စ မူလာဟာ မြန်မာ ခရီးစဉ် အပြီး၊ အဲဒီ ဆွေးနွေးပွဲကို ခရီးဆက်မယ်လို့ ဆိုပါတယ်။

ဧပြီလ ၂ ရက်နေ့မှာပဲ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်း ဒုတိယ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဆူရာကီယတ် ဆတ်သီယာထိုင်း ဦးဆောင်တဲ့ ရခိုင် ပြည်နယ် ဆိုင်ရာ အကြံပေးအဖွဲ့နဲ့ တွေ့ဆုံ ခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းသွားရေးနဲ့ ဒေသဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ဆောင်ရွက်ရမယ့် ကိစ္စတွေကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့တယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ထုတ်ပြန်ထားပါတယ်။