ဖမ်းဆီးပြီး အလောင်းသာပြန်ရသူရဲ့ ချွေးမကို အမှုဖွင့်

  • 3 ဧပြီ 2018
ဓာတ်ပုံ မူပိုင် Khonja
Image caption အိုင်ဒီပီ စခန်းနေ အမျိုးသား နှစ်ဦး အဖမ်းခံခဲ့ရတဲ့ နေရာ

ဇန်ဝါရီလ ၃၁ ရက်က မံစီမြို့နယ် မိုင်းခေါင်စစ်ရှောင်စခန်းကနေ အသက် ၆၀ကျော်အရွယ် ဦးဖေါ်ဂန့်ရော်နဲ့ အသက် ၃၀ အရွယ် ကိုနော်ဆန့်တို့ နှစ်ယောက်ကို ရှေ့တန်းရောက် အစိုးရတပ်ရင်းတရင်း ကဖမ်းသွားပြီး ၂လကျော် အကြာ မတ်လ ၉ ရက်ကမှ အလောင်းပြန်တွေ့တဲ့ကိစ္စ အမှုမှန်ပေါ်ပေါက်ဖို့ ခက်နေပါတယ်။

အလောင်းအဖြစ်သာ ပြန်တွေ့ရတော့တဲ့သူတွေကို မတ်လ ၈ ရက်က ရဲတပ်ဖွဲ့နဲ့ မှုခင်းဆရာဝန် တို့က စစ်ဆေးခဲ့ပြီး စစ်ဆေးချက်ကို ထုတ်ပြန်တာ မရှိသေးဘူးလို့ မံစီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးချင်းဖေလင်းက ဘီဘီစီကို ပြောပါတယ်။

ဌာနဆိုင်ရာ အဖွဲ့စုံပါဝင်တဲ့ အဖွဲ့က စစ်ဆေးနေတာ ဖြစ်ပြီး အသတ်ခံရတဲ့ ဦးဖေါ်ဂန့်ရော်ရဲ့ ချွေးမဖြစ်သူကိုလည်း မတရားအသင်းနဲ့ ဆက်သွယ်မှုနဲ့ အမှုဖွင့်ထားတယ် လို့လည်း မံစီလွှတ်တော် ကိုယ်စားလှယ်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့လည်း ချွေးမဖြစ်သူကို ဖမ်းဆီးထိန်းသိမ်း ထားတာမျိုးတော့ မရှိသေးဘူးလို့ ဦးချင်းဖေလင်းက ဆိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေ ကတော့ အဲဒီလို အလောင်းသာ ပြန်တွေ့တော့တဲ့ ကိစ္စနဲ့ မတရားအသင်း ဆက်သွယ်မှုနဲ့ အမှုဖွင့်ခံထားရတဲ့ ကိစ္စတွေကို အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားစာ ပေးပို့ ထားပါတယ်။

လွန်ခဲ့တဲ့နှစ်တုန်းကလည်း မံစီမြို့နယ်က စစ်ဘေးရှောင်စခန်းတခုကနေ အိုင်ဒီပီအချို့ကို ခမရ ၃၁၉ က ဖမ်းဆီးခဲ့ပြီး သတ်ဖြတ်ခဲ့တယ်ဆိုတာ ပေါ်ပေါက်ခဲ့တဲ့အတွက် စစ်တပ် အရာရှိတချို့ ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

ဖမ်းဆီးခံရပြီး အလောင်းသာ ပြန်တွေ့ရတော့တဲ့သူတွေ အတွက် အမှုမှန်ပေါ်ပေါက်ဖို့ ကိစ္စအပါအဝင် မတရားအသင်းဆက်သွယ်မှု ဟုတ်မဟုတ် ဆိုတဲ့ ကိစ္စတွေ ဆုံးဖြတ်နိုင်ဖို့ ဆိုရင် လုပ်ထုံးလုပ်နည်းအတိုင်းပဲ မှန်မှန်ကန်ကန် စစ်ဆေးပြီး မျက်မြင်သက်သေတွေ ရှိခဲ့ရင် အမှုမှန်ပေါ်မယ်၊ မြေပြင်အခြေအနေ အပေါ် လာစစ်ဆေးတဲ့ အဖွဲ့တွေရဲ့ စစ်ဆေးချက်ကပဲ အဖြေမှန် ဖြစ်လိမ့်မယ်လို့ ဦးချင်းဖေလင်းက ပြောပါတယ်။