လုံခြုံရေးကောင်စီ မြန်မာကို လာရေး နှစ်ဘက် ဆွေးနွေးနေ

  • 3 ဧပြီ 2018
ဓာတ်ပုံ မူပိုင် EPA
Image caption အမေရိကန်သံရုံး တာဝန်ရှိသူတွေ ပြီးခဲ့တဲ့ ရက်ပိုင်းက ရခိုင်ပြည်နယ်ကိုသွားခဲ့

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြန်မာနိုင်ငံကို သွားရောက်ခွင့် ရဖို့ မြန်မာအစိုးရနဲ့ ညှိနှိုင်း ဆောင်ရွက် နေပါတယ်။

လောလောဆယ်မှာ ဆက်လက် ညှိနှိုင်း နေပြီး ညှိနှိုင်းမှုတွေ အဆင်ပြေရင် လာခွင့်ပြုမယ့် ရက်ကို မကြာခင် ဆုံးဖြတ် နိုင်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန်ပြည်ထောင်စုက ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ပြန်လည် တည်ဆောက်ရေး လုပ်ငန်း လုပ်ဆောင်နေမှု၊ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားကြသူတွေကို ပြန်လည် လက်ခံရေး ဆောင်ရွက်နေမှုတွေကို ကြည့်ရှုချင်တယ်ဆိုပြီး ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီက လွန်ခဲ့တဲ့ သုံးလ လေးလ လောက် ကတည်းက မေတ္တာ ရပ်ခံ ထားခဲ့တာလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဟောက်ဒိုစွမ်းက ပြောပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံ ဘက်က မအားလပ်တာ အပါအဝင် အခြေအနေ အမျိုးမျိုးကြောင့် ကုလသမဂ္ဂ ဘက်ကို ယတိပြတ် အဖြေမပေးခဲ့ဘူးလို့ သူက ပြောပါတယ်။

ဒုက္ခသည်တွေ ပြန်လည် လက်ခံရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံသဘောတူညီချက် လက်မှတ်ရေးထိုးထားတဲ့ အတိုင်းလုပ်စရာရှိတာတွေကို လုပ်နေတဲ့ အပြင် တခြား ပြင်ဆင်စရာတွေကိုလည်း လုပ်ဆောင်နေ တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ကုလ သမဂ္ဂအမြဲတမ်း အဖွဲ့ဝင် နိုင်ငံတွေ၊ အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေက သံရုံးတွေ ရှိနေပြီး အဲဒီက သံတမန်တွေကို ရခိုင်ပြည်နယ်ဆီ ခေါ်သွားတာတွေ ရှိတဲ့ အတွက် တကယ်တန်းမှာ လုံခြုံရေး ကောင်စီအနေနဲ့ လာဖို့တောင် မလိုဘူး လို့လည်း သူက ဆိုပါတယ်။

အခု လုံခြုံရေးကောင်စီက ကိုယ်စားလှယ်တွေ လာရင် သွားသင့်သွားထိုက်တဲ့ နေရာတွေကို သွားခွင့်ပေးမယ်၊ မြန်မာဘက်က ခွင့်ပြုတဲ့ နေရာတွေကိုသာ သွားနိုင်မယ်လို့ ဆိုပါတယ်။

လာခွင့်ပြုရင် လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတွေသာ မက မြန်မာနဲ့ ရင်းနှီးတဲ့ အိမ်နီးချင်း နိုင်ငံတွေက ကိုယ်စားလှယ် တွေကိုပါ တချိန်တည်း လာခွင့်ပြုမှာ ဖြစ်တယ်လို့ ဦးဟောက်ဒိုစွမ်းက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ