မြေယာပြဿနာ၂ နှစ်အတွင်း ၁၀%သာ ဖြေရှင်းနိုင်

  • 5 ဧပြီ 2018
ဓာတ်ပုံ မူပိုင် EPA
Image caption စိုက်ပျိုးမြေတွေ အသိမ်းခံနေရလို့ တိုင်ကြားမှုပေါင်း ခြောက်ထောင်ကျော်ရှိ

NLD အစိုးရတာဝန်ယူတဲ့ ၂ နှစ်တာကာလအတွင်း မြေစစ်ကော်မတီဗဟိုကို တိုင်ကြားတဲ့ အမှုပေါင်း ခြောက်ထောင် သုံးရာ ရရှိထားပြီး အဲဒီထဲကမှာ အမှုပေါင်း ခြောက်ရာ့ခြောက်ဆယ် ကိုသာ ဖြေရှင်းပေးနိုင် သေးတယ် လို့ မြေစစ်ကော်မတီ ဗဟိုရဲ့ ဥက္ကဌဖြစ်တဲ့ ဒုတိယသမ္မ ဦးဟင်နရီဗန်ထီးယူက မနေ့က ကျင်းပတဲ့ ကော်မတီ အစည်းအဝေးမှာ ပြောလိုက်ပါတယ်။

မြို့နယ်နဲ့ ခရိုင် အဆင့်တွေမှာ ရှေ့မရောက်ဘဲ ကြာမြင့်နေတာ ဖြစ်ပြီး အရင်က မယက ဥက္ကဌ ၊ ခယက ဥက္ကဌတွေက လယ်ကွင်းကို အကွက်ရောက် ရောင်းစားခဲ့ပြီး အဲဒီမြေကို ၀ယ်ထားတဲ့သူကလဲ လာနေမယ် ၊ တခါ လက်ရှိ စိုက်နေတဲ့ တောင်သူကလဲ သူ့ခြံထဲ ၀င်ရင် ဓါးနဲ့ ခုတ်မယ်ဖြစ်ကာ သက်ဆိုင်ရာဆီ ရောက်လာတဲ့အခါ အရင်လူ လုပ်သွားတဲ့ ပြဿနာတွေကို ခုလက်ရှိ မယက ဥက္က ဌ တို့ ၊ အတွင်းရေးမှူးတို့ ၊ ခရိုင် ဥက္ကဌ တို့က မဖြေရှင်းပေး တက်တော့ဘဲ ၊ ဖုံးထားတဲ့ သဘော ဖြစ်နေတယ်လို့ ကြန့်ကြာနေရခြင်း အကြောင်းနဲ့ ပတ်သက်လို့ ကချင်ပြည်နယ် မိုးမောက်မြို့နယ် မြေစစ် ကော်မတီမှာ ပါတဲ့ အဖွဲ့၀င် လွှတ်တော် ကိုယ်စားလှယ် ဦးနေဝင်း က ပြောပါတယ်။

ဒါ့အပြင် သူ့မြို့နယ် အတွင်း တိုင်ကြားတဲ့ အမှုတွေနဲ့ ပတ်သက်လို့ ၂ နှစ်အတွင်း ၁၀ ကြိမ်သွားရောက်စစ်ဆေး ခဲ့ပေမဲ့ တပ်မတော်တပ်ရင်းတပ်ဖွဲ့ တွေက သိမ်းထားတဲ့ မြေဧက ၁ ထောင်ကျော်သာ ပြန်လည် ရရှိသေး တယ်လို့လည်း ဦးနေဝင်းကဆိုပါတယ်။

Image caption စစ်တပ် သိမ်းထားတဲ့ မြေဧက ၁ ထောင်ကျော်သာ ပြန်လည် ရရှိ

အထူးသဖြင့် အရင် အစိုးရ အဆက်ဆက် မြို့နယ်နဲ့ ခရိုင်အုပ်ချုပ်ရေးမှူး တွေသိမ်းထားတဲ့ အမှု တွေကို အခုထိ မဖြေရှင်းပေးနိုင်သေးပါဘူးလို့လည်း မြေစစ်ကော်မတီမှာပါဝင်တဲ့ လွှတ်တော် ကိုယ်စားလှယ် တချို့ ကပြောပါတယ်။

မြေစစ်ကော်မတီအဆင့်ဆင့်မှာတော့ ကြေးတိုင်နဲ့ မြေစာရင်းဌာနက တာဝန်ရှိသူတွေက အတွင်းရေးမှူး အဖြစ် တာဝန်ယူထားပြီး အုပ်ချုပ်ရေး အဖွဲ့က တာဝန်ရှိသူတွေက ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေတာ ဖြစ်ပါတယ်။

တချို့ မြေသိမ်းမှု တွေမှာဆိုရင် သိမ်းဆည်းထားတဲ့သူတွေနဲ့ အခုတာဝန်ယူ စစ်ဆေးရသူတွေကြား စပ်ဆက်မှုတွေ ရှိ နေတဲ့အတွက်ကြောင့် ကြန့်ကြာမှု ဖြစ်တာလို့ မြေစစ်ကော်မတီအဖွဲ့ဝင် တချို့က ဆိုပါတယ်။

Image caption တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်မှာ ကြန့်ကြာနေတာများတယ်

သက်ဆိုင်ရာမြို့နယ် မြေစစ်ကော်မတီက တိုင်ကြားတဲ့အမှု တွေကို အမြန်ဆုံးစစ်ဆေးပြီး တွေ့ရှိချက်တွေကို တင်ပြပေးမယ့်လည်း စစ်ဆေးတွေ့ ရှိချက်တွေဟာ ဗဟို အထိ မရောက်ဘဲ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်မှာ ကြန့်ကြာနေတာများတယ် လို့ မြေစစ်ကော်မတီမှာ ပါဝင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

အခုလို ကြန့်ကြာနေတဲ့ အမှုတွေကို သက်ဆိုင်ရာ ပြည်နယ်တိုင်း ဝန်ကြီးချုပ်တွေက တာဝန်ခံဆောင် ရွက်ပေး မယ်ဆိုရင်တော့ မြန်လာနိုင်တယ်လို့ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် မြေစစ် ကော်မတီ အဖွဲ့ဝင် သနပ်ပင် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးမြင့်ဦးက ပြောပါတယ်။

အမှန်ကတော့ တိုင်းဒေသကြီး အစိုးရက လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းပြီး အမြန် ဆောင်ရွက်ဖို့ လိုပြီး ခုဆိုရင် တအား ကြန့်ကြာကာ နှစ်နှစ်တောင် ရှိသွားပြီး ပဲခူးမှာဆိုရင် တိတိပပ ဘာမှ မပေးနိုင်သေးဘဲ ၊ ဒီလောက်ကြန့်ကြာတာမျိုး မဖြစ်ကောင်းဘူးလို့ သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် HRW
Image caption တောင်သူတွေရဲ့ မြေတွေ အသိမ်းခံရ

သူတို့မြို့နယ် သနပ်ပင် မှာဆိုရင်တော့ စစ်ဆေးမှုတွေမှာ အင်မတန် မြန်တာဘဲ ၊ ဒါကြောင့် သေချာ မြန်မြန် စစ်ဆေးသင့်ပြီး ၊ တိုင်းဒေသကြီး အစိုးရ အဆင့်ကို မကျော်နိုင်ဘဲ ရှိနေတာကတော့ ၀န်ကြီးချုပ်တွေနဲ့ မြေစစ် ကော်မတီမှာ ပါသူတွေနဲ့ သက်ဆိုင်ပြီး ဒီကိစ္စတွေကို ၀န်ကြီးချုပ်က တာဝန်ခံ လုပ်ပေးရမှာ ဖြစ်ကာ အဲဒီ ၀န်ကြီးချုပ်ရဲ့ အရည်အသွေး ပေါ်မှာ မူတည်တယ်လို့ သူက ရှင်းပြပါတယ်။

တိုင်ကြားတဲ့အမှုတွေနဲ့ ပတ်သက်လို့ ကြန့်ကြာမှု မရှိအောင် မြန်မြန်ဆန်ဆန်ဆောင်ရွက်ဖို့ အတွက် မကြာသေးခင်ကပဲ သမ္မတ ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူဦးဆောင်တဲ့ ကော်မတီတစ်ခုကို ထပ်မံ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

သမ္မတသစ် ဦးဝင်းမြင့်ရဲ့ ပထမဆုံးအကြိမ် ပြောတဲ့မိန့်ခွန်းမှာ ဥပဒေမဲ့ သိမ်းထားတဲ့ မြေယာတွေ ပြန်လည်ရရှိရေး လျော်ကြေး၊ နစ်နာကြေး ရရှိဖို့တွေကို ဦးစားပေး လုပ် ဆောင်သွား မယ်လို ပြောခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ