OCHA လက်ထောက် အတွင်းရေးမှူးချုပ်ရဲ့ ရခိုင်ခရီးစဉ် ပြီးဆုံး

  • 6 ဧပြီ 2018
ဓာတ်ပုံ မူပိုင် EPA
Image caption ရခိုင် ခရီးအတွင်း မွတ်ဆလင်တွေနဲ့ရော ရခိုင်တိုင်းရင်းသားတွေနဲ့ပါ Ms Mueller တွေ့ဆုံခဲ့

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု ရေးရာ ညှိနှိုင်းရေးမှူး OCHA ရဲ့ လက်ထောက် အတွင်းရေးမှူး ချုပ်လည်းဖြစ် အရေးပေါ် ကယ်ဆယ်ရေး ဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူးလည်း ဖြစ်တဲ့ Ms Ursula Mueller ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ် မနေ့က ပြီးဆုံး သွားပြီ ဖြစ်ပါတယ်။

ဧပြီလ ၂ရက်နေ့ကနေ ၁၁ရက်နေ့အထိ ကြာမြင့်မယ့် Ms Mueller ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဘေးဒုက္ခတွေ၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ရှိတဲ့ ပဋိပက္ခတွေကြောင့် ဖြစ်ပေါ်လာတဲ့ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီ လိုအပ်မှု အခြေအနေတွေကို ကိုယ်တိုင် တွေ့မြင် သိရှိနိုင်ဖို့နဲ့ အကူအညီ ပေးရေး လုပ်ငန်းတွေမှာ ပါဝင်တဲ့ မိတ်ဖက် အဖွဲ့အစည်း အားလုံးနဲ့ တွေ့ဆုံပြီး တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းတွေ တိုးတက်စေမယ့် နည်းလမ်းတွေကို ဆွေးနွေးဖို့ ဖြစ်တယ်လို့ သိရပါတယ်။

Ms Mueller ဟာ ၂ရက်ကြာ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း စစ်တွေမြို့က မွတ်စလင်နဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ IDP စခန်းတွေကို သွားရောက် ကြည့်ရှု ခဲ့သလို မောင်တောမြို့နယ်မှာလည်း ကိုင်းကြီး ကျေးရွာမှာ နေထိုင်နေတဲ့ မြိုတိုင်းရင်းသားတွေ၊ ရခိုင်တိုင်းရင်းသားတွေကို တွေ့ဆုံခဲ့ပါတယ်။

တခါ အကြမ်းဖက်မှု ဖြစ်စဉ်မှာ တဖက်နိုင်ငံကို မထွက်ပြေးပဲ မြန်မာနိုင်ငံဖက်ခြမ်းမှာပဲ ဆက်နေနေတဲ့ မွတ်ဆလင်တွေကို နေရာချထားတဲ့ ပန်းတောပြင် ကျေးရွာကိုလည်း သွားရောက်ခဲ့ပြီး အဲဒီက မွတ်ဆလင်တွေနဲ့ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်ရောက်လာမယ့် နေရပ်စွန့်ခွာ ထွက်ပြေးသူတွေကို ထားမယ့် လှဖိုးခေါင် ယာယီ ပြန်လည် လက်ခံရေး စခန်း ဆောက်လုပ်မှု အခြေအနေတွေကိုလည်း Ms Mueller သွားရောက် ကြည့်ရှုခဲ့ပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက မြန်မာ အစိုးရအနေနဲ့ Ms Mueller တို့အဖွဲ့ သွားချင်တဲ့ နေရာ၊ တွေ့ချင်သူတွေကို လွတ်လွတ်လပ်လပ် သွားရောက် တွေ့ဆုံခွင့် ပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒုက္ခသည်တွေနဲ့ တွေ့ဆုံနိုင်ဖို့ မစ္စမူလာ မျှော်လင့်

Ms Muellerဟာ ဒီခရီးစဉ် မတိုင်ခင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက် ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။

အခု ရခိုင် ခရီးစဉ်အတွင်းမှာ Ms Mueller သိလိုတာတွေကို ရခိုင်ပြည်နယ် အစိုးရက ပွင့်ပွင့်လင်းလင်း ရှင်းပြခဲ့ပြီး ဒီခရီးစဉ်အပေါ် Ms Mueller အနေနဲ့ ကျေနပ်အားရတယ်လို့ သိရကြောင်း ဦးတင်မောင်ဆွေက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ