ဖားကန့်နားမှာ KIA နဲ့ တပ်မတော် တိုက်ပွဲဖြစ်

  • 6 ဧပြီ 2018
ဓာတ်ပုံ မူပိုင် Saw Yan Naing/BBC
Image caption KIA နဲ့ တပ်မတော် အကြား တိုက်ပွဲတွေ အချိန်မရွေး ထပ်ဖြစ်နိုင်

ကချင်ပြည်နယ် ဖားကန့်မြို့နဲ့ ၁၀ မိုင် အကွာ တံတားညီနောင် ပျားအုံဒေသ အနီးမှာ ဧပြီလ ၆ ရက်နေ့ မနက် အစောပိုင်းက စလို့ ကချင် လွတ်လပ်ရေး တပ်ဖွဲ့ KIA နဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး ညနေ ၄ နာရီလောက်အထိ ပစ်ခတ်သံတွေ ကြားရတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

KIA တပ်ရင်း အမှတ် ၆ နဲ့ အစိုးရ တပ်မ ၁၀၁ လက်အောက်ခံ တပ်ရင်း ၂၅၅ တို့ ဖြစ်ခဲ့ကြတဲ့ အဲဒီတိုက်ပွဲတွေမှာ လက်နက်ကြီးတွေနဲ့အတူ လေကြောင်း တိုက်ခိုက်မှုတွေလည်း ပါဝင်ပြီး မြစ်ကြီးနားနဲ့ ဖားကန့် ကားလမ်း ကိုလည်း နမ့်တိမ်း ဂိတ်နားက စပြီး ပိတ်ထားတဲ့အတွက် ကားတွေ ရာချီ ပိတ်မိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ရဟတ်ယာဉ်နဲ့ တိုက်ခိုက်မှု အပါအဝင် အခုလို တိုက်ပွဲတွေ ဖြစ်ခဲ့တာကို KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကလည်း အတည်ပြုခဲ့ပေမယ့် တိုက်ပွဲ အသေးစိတ်နဲ့ ဒဏ်ရာနဲ့ အသေအပျောက် စာရင်းကိုတော့ မသိရသေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဖားကန့်က အခုလို တိုက်ပွဲ အခြေအနေတွေကြောင့် မြစ်ကြီးနားနဲ့ ဖားကန့်ဘက်က အသီးသီး လာကြတဲ့ ကုန်တင်ကားတွေလည်း လှည့်ပြန်သွားရတဲ့အတွက် တိုက်ပွဲတွေ ဆက်ဖြစ်နေရင် ဖားကန့်မှာ မြင့်မားနေပြီးသား ကုန်ဈေးနှုန်းတွေ ထပ်တက်မှာကို ဒေသခံတွေနဲ့ ရေမဆေးကျောက် ရှာသူတွေက စိုးရိမ်နေကြပါတယ်။

၂၀၁၃ နှစ်ကလည်း အခုလို တိုက်ပွဲတွေ ဖြစ်ခဲ့လို့ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်ခဲ့ဖူးတယ်လို့လည်း ဒေသခံတွေက ပြောဆိုထားပါတယ်။

ကချင်ပြည်နယ် တနိုင်းဒေသဘက်မှာ KIA တပ်ရင်း ၁၄ က ပယင်းကျောက် ရှာသူတွေကို ထွက်ပေးဖို့ ပြောဆိုခဲ့တာဟာ စစ်ရေး ရည်ရွယ်ချက်နဲ့ မဟုတ်ဘူးလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုထားပါတယ်။

ဒါပေမယ့် အဲဒီ KIA တပ်ရင်း ၁၄ ရှိတဲ့နေရာမှာ တပ်မတော်ဘက်က ထိုးစစ်ဆင်ပြီး နေရာယူထားတဲ့အတွက် တိုက်ပွဲတွေ အချိန်မရွေး ထပ်ဖြစ်နိုင်သေးကြောင်း ဗိုလ်မှူးကြီး နော်ဘူက ဘီဘီစီကို ပြောဆိုခဲ့ပါတယ်။