ချင်းတွင်းမြစ်ကမ်းပေါ်မှာ လုပ်မယ့် ထူးခြားတဲ့ သင်္ကြန်

  • 7 ဧပြီ 2018
Image caption ချင်းတွင်းသင်္ကြန်မှာ မြင်တွေ့ရမယ့် သဲပန်းပု

စစ်ကိုင်းတိုင်းဒေသကြီးမှာ ပထမဆုံးအနေနဲ့ ချင်းတွင်းသင်္ကြန်ကို မုံရွာမြို့ဘေးက ချင်းတွင်းမြစ်ကမ်း သဲသောင်ပြင်မှာ ဧပြီလ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကျင်းပသွားတော့မှာပါ။

ထူးထူးခြားခြားအနေနဲ့ စင်္ကာပူက ပညာရှင်နဲ့ ရန်ကုန်နဲ့ မန္တလေး အနုပညာကျောင်းက ဆရာ၊ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေ ဖန်တီးကြမယ့် သဲပန်းပု ပြကွက်တွေကိုလည်း ဒီသင်္ကြန်ပွဲမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

နောက်ပြီး မြန်မာ့ရိုးရာ အကအလှတွေ ပါမှာ ဖြစ်သလို နာဂ၊ ဂဒူး ဂနန်း စတဲ့ တိုင်းရင်းသား ရိုးရာအကအဖွဲ့တွေလည်း ဝင်ရောက်အားဖြည့်ကြမှာပါ။

ချင်းတွင်းသင်္ကြန်ကျင်းပရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာ့ရိုးရာသင်္ကြန်ကို ထိန်းသိမ်းဖို့ ဖြစ်သလို ဒီပွဲကနေ ဒေသစီးပွားရေး ဈေးကွက်နဲ့ ခရီးသွားလုပ်ငန်း တိုးမြှင့်ဖို့ ဖြစ်တယ်လို့ ချင်းတွင်းသင်္ကြန်ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌလည်းဖြစ် စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ဘီဘီစီကို ပြောပါတယ်။

သင်္ကြန်ကာလတွင်း လုံခြုံရေးကိုလည်း စနစ်တကျ ပြင်ဆင်ထားသလို ချင်းတွင်းမြစ်တွင်း ရေကစားကြရာမှာလည်း မတော်တဆ ရေနစ်သေဆုံးတာမျိုး မဖြစ်အောင် မီးသတ်ကယ်ဆယ်ရေးသမားတွေကို ထားရှိသွားမယ်လို့လည်း ဆိုပါတယ်။

မူးယစ်ရမ်းကားသူတွေကိုလည်း တည်ဆဲ ဥပဒေနဲ့ အရေးယူမှာ ဖြစ်ပြီး အရက်ဘီယာတွေကိုလည်း တရားဝင်လိုင်စင်ရရှိထားသူတွေကိုသာ ရောင်းချခွင့် ပြုမှာ ဖြစ်တယ်လို့ ဒေါက်တာဇော်ဝင်းက ပြောပါတယ်။

ချင်းတွင်းမြစ် သဲသောင်ပြင်ပေါ်မှာ လုပ်မယ့် ဒီသင်္ကြန်ပွဲမှာ မြန်မာရိုးရာ အစားအစာတွေနဲ့ ဒေသထွက် လက်ဆောင်ပစ္စည်းတွေကိုလည်း ရောင်းချသွားမှာ ဖြစ်ပါတယ်။

ဒီသင်္ကြန်ပွဲကို စစ်ကိုင်း တိုင်းဒေသကြီး အစိုးရက ဦးစီးလုပ်ကိုင်ပြီး အခါကြီး ရက်ကြီး ခေါင်းစဉ်အောက်က ပိုတဲ့ ရန်ပုံငွေထဲက ငွေကျပ်သိန်းနှစ်ထောင်ကနေ ထုတ်ယူ သုံးစွဲမှာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းမှာ ပထမဆုံး လုပ်မယ့် ချင်းတွင်းသင်္ကြန်ကို လူစည်စည်ကားကားနဲ့ အောင်အောင်မြင်မြင်ဖြစ်ဖို့ စီစဉ်သူတွေက မျှော်လင့်နေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ