ဖားကန့်တိုက်ပွဲ တပ်ဘက်က ကျဆုံးသူရှိ

  • 7 ဧပြီ 2018
ဓာတ်ပုံ မူပိုင် AFP
Image caption လက်နက်ကိုင် KIA စစ်သည်များ

ဧပြီလ ၆ ရက်နေ့က ဖြစ်ခဲ့တဲ့ ကချင်ပြည်နယ် ဖားကန့်မြို့ အနီး တံတားညီနောင် ဒေသမှာ မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA တို့ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း တပ်မတော်ဘက်က ဗိုလ်မှူး တဦး အပါအဝင် ကျဆုံးသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တံတားညီနောင် ဒေသ အနီးက ရွာတရွာမှာ သုံးလလောက် စခန်းချနေတဲ့ တပ်မတော် ရှေ့တန်းစခန်းတခုကို KIA တပ်ရင်း ၆ က ဝင်တိုက်ခဲ့တာ ဖြစ်ပြီး တပ်မတော်ဘက်က ဗိုလ်မှူးတဦး အပါအဝင် ၆ ယောက် ကျဆုံးခဲ့သလို ၁၀ ယောက် ဒဏ်ရာရတယ်လို့လည်း ဒေသခံ တဦးက ဘီဘီစီကို ပြောပါတယ်။

အဲဒီ ကျဆုံးသွားတဲ့ အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို နမ့်ယန်းနဲ့ နမ့်တိမ်းဘက်ကလာတဲ့ ပြည်သူ့စစ်တွေနဲ့အတူ တပ်မတော်က နမ့်တိမ်းဘက်ကို ကားတွေနဲ့ သယ်ယူသွားတယ်လို့လည်း အဲဒီဒေသခံက ပြောပါတယ်။

အခုလို ကျဆုံး ဒဏ်ရာရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်ကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် အတည်ပြုချက် မရခဲ့ပါဘူး။

KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကလည်း အဲဒီ ကျဆုံး အသေအပျောက် စာရင်းကို အတည်မပြုနိုင်သေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။

အခုလို ဖြစ်ခဲ့တဲ့ တိုက်ပွဲ အပြီးမှာ KIA ဘက်က ပြန်လည် ထွက်ခွာသွားတဲ့အတွက် ဖြစ်ခဲ့တဲ့ နေရာကို တပ်မတော်ကပဲ နေရာပြန်ယူထားပါတယ်။

တိုက်ပွဲကြောင့် ပိတ်ထားခဲ့တဲ့ ဖားကန့်နဲ့ မြစ်ကြီးနား ကားလမ်းကို ပြန်ဖွင့်လိုက်တဲ့အတွက် ဒေသခံတွေ ပြန်လည် သွားလာနိုင်ပြီလို့ သိရပါတယ်။

KIA တပ်ဖွဲ့ဟာ ၁၉၉၄ ခုနှစ်မှာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲဖို့ ပထမဆုံး လက်မှတ် ရေးထိုးခဲ့ပြီး ၂၀၁၁ မှာ တပ်မတော်နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်ပြီး ကတည်းက အပစ်ရပ်ရေး ပြန်လည် ညှိနှိုင်းမှု မအောင်မြင်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့လည်း ဖြစ်ပါတယ်။