မြန်မာလုပ်သားတွေ တင်လာတဲ့ ကားတစီး ထိုင်းမှာ မှောက်ပြန်ပြီ

  • 10 ဧပြီ 2018
ဓာတ်ပုံ မူပိုင် Ag Kyaw Ooo/BBC
Image caption အခင်းဖြစ်ပွားရာနေရာကို တွေ့ရစဉ်

မြန်မာအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ကားတစီးဟာ မနေ့က ဧပြီလ ၉ ရက်နေ့ညက ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ရဲ့ ဒွိုင်လူးဝါးဒ် တောင်ပေါ်လမ်းမှာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ကားပေါ်ပါလာသူ ၆ ဦးဟာ နေရာမှာ တင်သေဆုံးသွားခဲ့တယ်လို့ မဲ့ထော့ရဲစခန်းက ရဲဗိုလ်ကြီး ရေဝပ်က ဘီဘီစီကို ပြောပါတယ်။

ကားပေါ်မှာ စုစုပေါင်း လူ ၅၁ ဦး ပါလာတာဖြစ်ပြီး ၃၀ လောက် ဒဏ်ရာရခဲ့တာပါ။ ၁၂ ဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့လည်း ဆိုပါတယ်။

သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို တာ့ခ်ခရိုင်က တာက်ဆင်မဟာရပ်ချပ်ဆေးရုံကို ပို့ဆောင်ထားပါတယ်။

အဲဒီတိမ်းမှောက်သွားတဲ့ ကားပေါ်ပါလာတဲ့ မြန်အလုပ်သမားတွေဟာ ဆူခိုထိုင်း နဝဆွန်ဆိုတဲ့ ကုမ္ပဏီက လုပ်သားတွေဖြစ်ပြီး ချာ့ချိန်ဆောင်ခရိုင် ပက်လျူးမြို့က စက်ရုံတရုံမှာ အလုပ်လုပ်ဖို့ သွားရင်း ကားကတိမ်းမှောက်သွားတာ ဖြစ်ပါတယ်။ ကားတိမ်းမှောက်တဲ့ အကြောင်းအရင်းကို စုံစမ်းနေဆဲပဲလို့ ထိုင်းအာဏာပိုင်တွေဘက်က ပြောပါတယ်။

လွန်ခဲ့တဲ့ အပတ်အတွင်းကလည်း တာ့ခ်ခရိုင်အတွင်းမှာ ကားမီးလောင်မှုဖြစ်ခဲ့ပြီး ယာဉ်ပေါ်ပါလာတဲ့ မြန်မာ ၂၁ ဦး သေဆုံးခဲ့ပါတယ်။