ကချင်ရွာသားတွေ ဖမ်းပြီး ငွေညှစ်ခံနေရတယ်လို့ ဒေသခံတွေပြော

  • 11 ဧပြီ 2018
Image caption ကချင်ပြည်နယ်ထဲ အစိုးရ ထိုးစစ် အရှိန်မြှင့်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကားမိုင်းမြို့နယ်ခွဲထဲက ကထာရန်ရွာကနေ ရွာသား ၆ ဦးကို ရှေ့တန်းရောက် တပ်မတော် စစ်ကြောင်းတခုက ဧပြီ ၁၀ ရက်နေ့က ဖမ်းခေါ် သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်ယာလုပ်နေတဲ့သူတွေကို ပေါ်တာအဖြစ် အသုံးပြုဖို့ ခေါ်သွားတယ်ဆိုပြီး ဒေသခံ ဦးလဖိုင်ဇော်အောင်က ဘီဘီစီကို ပြောပါတယ်။

ဖားကန့်ဒေသ အမျိုးသားလွှတ်တော် အမှတ် ၉ ရဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်ကလည်း ဒေသခံတွေကို အခုလို ဖမ်းဆီးခေါ်ဆောင်သွားတာကို အုပ်ချုပ်ရေးမှူးတွေက အကြောင်းကြားလာတယ်လို့ ပြောပါတယ်။

လက်နက်ကိုင်အချင်းချင်း တိုက်တာကို ဘာမှမပြောလိုပေမယ့် ဘာမှမဆိုင်တဲ့ လက်နက်မကိုင်တဲ့ ပြည်သူတွေ နစ်နာနေတာတော့ သူ့ဆီမှာ တာဝန်ရှိတယ်လို့ ဦးခင်မောင်မြင့်က ဆိုပါတယ်။

ဧပြီ ၆ ရက်နေ့ ဖားကန့်အနီးတဝိုက်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာတော့ အစိုးရတပ်တွေက ကေအိုင်အေရှိရာနေရာကို ဦးတည်ပြီး စစ်ချီနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်တဝိုက်မှာ တပ်မတော်စစ်ကြောင်းတွေ ဖြန့်တက်နေတာ အင်အား ထောင်ချီရှိနေတာကြောင့် တိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ