ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာ ဒုက္ခသည်တွေကို UEHRD ဝန်ကြီးသွားတွေ့

  • 11 ဧပြီ 2018
ဓာတ်ပုံ မူပိုင် AFP
Image caption ရိုဟင်ဂျာလူမျိုး အနေနဲ့သာ မြန်မာနိုင်ငံထဲ ပြန်လာမယ်လို့ ဒုက္ခသည်တွေကဆို

UEHRD ရခိုင်ပြည်နယ် လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနဲ့ အဖွဲ့ဟာ မြန်မာ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို ဧပြီလ ၁၁ရက်နေ့က သွားရောက် ကြည့်ရှုခဲ့ပါတယ်။

ဒါဟာ အဲဒီက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို မြန်မာဝန်ကြီးတဦး ပထမဆုံးအကြိမ် သွားရောက်တာ ဖြစ်ပါတယ်။

ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနဲ့ အဖွဲ့ဟာ ဒက္ကားမြို့ကို ရောက်ရောက်ချင်း လေယာဉ်ပေါ်ကနေ တဆက်တည်း Cox's Bazarr မှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေဆီ တန်းသွားခဲ့ပါတယ်။

ဒုက္ခသည်စခန်းတွေထဲမှာ အစိုးရ အသိအမှတ်ပြု စခန်းတခုဖြစ်တဲ့ ကူတူးပလောင် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတခုကိုပဲ သွားရောက်ခဲ့တာပါ။

ပထမတော့ ဒေသခံ အာဏာပိုင်တွေနဲ့ တွေ့ဆုံခဲ့ပြီး အဲဒီနောက် ဒုက္ခသည်စခန်းထဲ ဝင်ရောက် ကြည့်ရှုခဲ့ပါတယ်။

ဒုက္ခသည်စခန်းထဲ မဝင်ခင်လေးမှာ ဝန်ကြီးနဲ့ အဖွဲ့ လိုက်ပါလာတဲ့ ကားတန်းကြီးရှေ့မှာ ပိတ်ရပ်ပြီး ရိုဟင်ဂျာ အမျိုးသမီးတချို့က စာတမ်းတွေ ကိုင်ဆောင် ဆန္ဒပြဖို့ ကြိုးစားခဲ့ကြပြီး သူတို့ ဆန္ဒပြတာကို နောက်ထပ် လူ လေးငါးဆယ်လောက်ကလည်း အတူ ပူးပေါင်းဖို့ လုပ်ခဲ့ကြတယ်လို့ အဲဒီ ဒုက္ခသည်စခန်းမှာ သွားရောက် သတင်းယူခဲ့တဲ့ ဘီဘီစီ ဘင်္ဂလားဒေ့ရှ် သတင်းထောက် ရှာနက်ဇ် ပါဗီးန်က ပြောပြပါတယ်။

ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် ရဲတွေက ရိုက်ပုတ် မောင်းထုတ်ခဲ့လို့ ဆန္ဒပြဖို့ အခွင့်မရခဲ့ကြပါဘူးလို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေ ပြန်လာဖို့ မသင့်တော်သေးလို့ ကုလပြော

ဒုက္ခသည် ပြန်လက်ခံရေး အကျိတ်အနယ် ဆွေးနွေး

အဲဒီနောက် စခန်းထဲမှာ ဘင်္ဂလားဒေ့ရှ် အစိုးရက စီစဉ်ပေးတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ငါးဆယ်၊ ခြောက်ဆယ်လောက်နဲ့ တွေ့ဆုံခဲ့ရာမှာ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက သူတို့ကို မြန်မာနိုင်ငံထဲ ပြန်လည်ခေါ်ယူနိုင်ရေးအတွက် သက်သေခံ ကဒ်ပြားတွေ ထုတ်ပေးဖို့ တရားဝင် လုပ်ထုံးလုပ်နည်းတွေ အရ လုပ်နေကြောင်း၊ ဒါပေမယ့် ရိုဟင်ဂျာ အနေနဲ့ မဟုတ်ပဲ ဘင်္ဂါလီ အနေနဲ့ပဲ ပြန်လာရမှာ ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

အဲဒီအခါ ရိုဟင်ဂျာ ဒုက္ခသည်တွေက သူတို့ကို နိုင်ငံသား ဖြစ်ခွင့်ပေးမှ၊ နောက်ပြီး ဘင်္ဂါလီ လူမျိုးအနေနဲ့ မဟုတ်ပဲ ရိုဟင်ဂျာ လူမျိုးအဖြစ်နဲ့ လက်ခံမှသာ မြန်မာနိုင်ငံထဲ ပြန်လာမယ်၊ သူတို့ပိုင် လယ်မြေတွေလည်း ပြန်ပေးရမယ် ဆိုပြီး တုံ့ပြန်ခဲ့ကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ အခြေအနေတွေ အလွန်ဆိုးရွားနေတယ်လို့ ဘီဘီစီ ဘင်္ဂလားဒေ့ရှ် သတင်းထောက်ပြော

ရိုဟင်ဂျာ လူမျိုးအဖြစ်နဲ့ လက်ခံမှသာ မြန်မာနိုင်ငံထဲ ပြန်လာမယ် ဆိုတဲ့ တုံ့ပြန်ချက်တွေနဲ့ ပတ်သက်လို့ ဘယ်လို ဆောင်ရွက်မလဲလို့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကို စခန်းက အထွက်မှာ ဘီဘီစီ သတင်းထောက်က မေးမြန်းခဲ့တဲ့အခါ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံကို ပြန်လည်ခေါ်ယူနိုင်ရေး လုပ်ငန်းစဉ်တွေ စတင်နိုင်ဖို့က အရေးကြီးဆုံး အချက် ဖြစ်ကြောင်းနဲ့ သူတို့အနေနဲ့ အကောင်းဆုံး ဖြစ်ဖို့ ကြိုးစား ဆောင်ရွက်နေကြောင်း ပြန်ဖြေသွားခဲ့ပါတယ်။

အဲဒီနောက် ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနဲ့ အဖွဲ့ဟာ ဒုက္ခသည်စခန်းတဝိုက်ကို ကားနဲ့ လှည့်လည် ကြည့်ရှုခဲ့ပါတယ်။

ရိုဟင်ဂျာတွေ ခိုလှုံနေတဲ့ ဒုက္ခသည်စခန်းတွေက ယာယီတဲအိမ်တွေဟာ စုတ်ပြတ်သတ်နေပြီး အခြေအနေတွေဟာ မတွေးဝံ့လောက်အောင် အတော်လေး ဆိုးရွားနေတယ်လို့ အဲဒီကို ရောက်နေတဲ့ ဘီဘီစီ ဘင်္ဂလားဒေ့ရှ် သတင်းထောက်က ပြောပါတယ်။

ဧပြီလ ၁၂ရက်နေ့မှာတော့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနဲ့ အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ် အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။

ဆက်စပ် အကြောင်းအရာများ