ဖေ့စ်ဘုတ် တာဝန်ယူမှု ပျက်ကွက်

  • 12 ဧပြီ 2018
ဓာတ်ပုံ မူပိုင် EPA
Image caption မြန်မာပြည် အတွက် သီးသန့် ဖေ့စ်ဘုတ် ဆိုင်ရာ လုံခြုံရေးတွေနဲ့ တိုးမြှင့် စောင့်ကြည့် သွားမယ်

မြန်မာ နိုင်ငံမှာ ဖေ့စ်ဘုတ် သုံးစွဲသူ တချို့ဟာ ရခိုင်အရေးနဲ့ ပတ်သက်တဲ့ သတင်းတွေမှာ အမုန်းပွားစေတဲ့ မှတ်ချက် တွေ ရေးသားနေတဲ့ အပေါ် ဖေ့စ်ဘုတ်ရဲ့ ဆောင်ရွက်ချက် တွေနဲ့ ပတ်သက်လို့ အရပ်ဘက်လူမှု အဖွဲ့ အစည်း တွေက ကြာသပတေး နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

မြန်မာပြည်မှာ ဖေ့စ်ဘုတ် သုံးစွဲသူ တချို့ဟာ ရခိုင်အရေးနဲ့ ပတ်သက်တဲ့ သတင်းတွေမှာ အမုန်းပွား စေတဲ့ မှတ်ချက် တွေ လာရောက် ပေးစဉ် ဖေ့စ်ဘွတ် ကနေ အရေးယူဖို့ ပျက်ကွက် ခဲ့တယ် ဆိုပြီး ဖေ့ဘုတ်ရဲ့ အမှုဆောင် အရာရှိချူပ် မာ့ခ် ဇူကာဘတ် ဆီကို မြန်မာပြည်က အရပ်ဘက်လူမှု အဖွဲ့အစည်းတွေက စာပို့ခဲ့ရာမှာ မာ့ခ် ဇပ်ကာဘတ်က မြန်မာပြည်က ဖေ့စ်ဘုတ် ကနေ အမုန်းပွား စေတဲ့ မှတ်ချက်တွေကို လစ်လျူ ရှုခဲ့မိတဲ့ အတွက် တောင်းပန်ကြောင်း စာပြန်ခဲ့တာနဲ့ ပတ်သက်လို့ အရပ်ဘက် လူမှုအဖွဲ့ အစည်းတွေက တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဖေ့စ်ဘုတ် အမှုဆောင်အရာရှိချုပ်ရဲ့ ပြန်ကြား စာထဲ မှာတော့ မြန်မာပြည် အတွက် သီးသန့် ဖေ့စ်ဘွတ် ဆိုင်ရာ လုံခြုံရေးတွေနဲ့ တိုးမြှင့် စောင့်ကြည့် သွားမယ်လို့ ပါရှိပါတယ်။

မြန်မာပြည်မှာ ထိလွယ် ရှလွယ်တဲ့ ကိစ္စရပ်တွေကို လူမှုကွန်ရက် ဖေ့စ်ဘုတ်မှာ အလွဲသုံးနေတာကို အရေးယူပေးဖို့နဲ့ သုံးစွဲသူတွေရဲ့ လုံခြုံရေးကို ဘယ်လို ကာကွယ်နေလဲ ဆိုတာကို ပွင့်လင်း မြင်သာအောင် လုပ်ပေးဖို့ မစ္စတာ ဇူကာဘတ်ကို အရပ်ဘက် လူမှု အဖွဲ့အစည်းတွေက တိုက်တွန်း ခဲ့ကြ ပါတယ်။

မြန်မာ နိုင်ငံမှာ အင်တာနက်နဲ့ လူမှုကွန်ရက် အသုံးပြု သူတွေ အနေနဲ့ လွတ်လွတ် လပ်လပ် ဖော်ထုတ် ဆက်သွယ် ပြောဆို နိုင်ဖို့၊ မိမိ အချက် အလက်တွေ လုံခြုံဖို့နဲ့ ဒစ်ဂျစ်တယ် လူ့အခွင့်အရေးတွေ အပြည့်အဝ ရရှိဖို့ ဆိုတဲ့ အချက်တွေကို အရပ်ဘက် လူမှု အဖွဲ့အစည်းတွေက ဖေ့စ်ဘုတ် တာဝန်ရှိသူတွေနဲ့သာ မက အစိုးရနဲ့လည်း ညှိနှိုင်း ပူးပေါင်း အဖြေရှာဖို့ တိုက်တွန်း သွားမယ်လို့ Equality Myanmar ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

မကြာသေးခင်ကပဲ မြန်မာနိုင်ငံက လူမှုကွန်ရက် တွေကို စောင့်ကြည့်ဖို့ အတွက် လူမှုကွန်ရက် စောင့်ကြည့် ထိန်းသိမ်း ရေး အဖွဲ့ (SMMT)ကို ဖေဖော်ဝါရီ ၂ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး အဖွဲ့အတွက် လိုအပ်တာတွေ သုံးစွဲဖို့ အတွက် ပြည်ထောင်စု ဘဏ္ဍာငွေ အသုံးဆိုင်ရာ ဥပဒေ အရ အရေးပေါ် ငွေကျပ် ၆၄၂၆ သန်း သုံးခဲ့ တယ်လို့ ဆက်သွယ်ရေး ဝန်ကြီးက လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

၂၀၁၅ခုနှစ် က စတင် ရေးဆွဲ ထားတဲ့ ဆိုက်ဘာ ဥပဒေကို ပြည်ထောင်စု လွှတ်တော်မှာ အတည်မပြု နိုင်သေးပဲ မူကြမ်း အဆင့်မှာ ရှိနေပါတယ်။

မြန်မာပြည်ဟာ ဖေ့စ်ဘုတ် လူမှုကွန်ယက်ကို အဓိကထား သုံးစွဲသူများ တာကြောင့် မကြာခဏ ဖြစ်နေတဲ့ ပဋိပက္ခ တွေမှာ အမုန်း ပွားစေတဲ့ မှတ်ချက်မျိုးတွေ နဲ့ လှုံ့ဆော် မှုတွေ ရှိနေတယ်လို့ အိုင်တီ ပညာရှင်တွေက ခဏခဏ ထောက်ပြ ပြောဆို နေကြ ပါတယ်။

ဆက်စပ် အကြောင်းအရာများ