ဘင်္ဂလားဒေ့ရှ်နဲ့ ညှိနိုင်ခဲ့တယ်လို့ ဒေါက်တာ ဝင်းမြတ်အေးပြော

  • 13 ဧပြီ 2018
ဓာတ်ပုံ မူပိုင် AFP
Image caption နေရပ်စွန့်ခွာသူတွေရဲ့ စခန်းကို ဒေါက်တာ ဝင်းမြတ်အေး သွားရောက်ခဲ့

UEHRD ရခိုင်ပြည်နယ် လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနဲ့ အဖွဲ့ဟာ မြန်မာ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို ဧပြီလ ၁၁ရက်နေ့က ၂ရက်ကြာ သွားရောက် ကြည့်ရှုခဲ့ပါတယ်။

ဒါဟာ အဲဒီက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို မြန်မာဝန်ကြီးတဦး ပထမဆုံးအကြိမ် သွားရောက်တာ ဖြစ်ပါတယ်။

ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းမှာ ရောက်နေတဲ့ နေရပ်စွန့်ခွာသွားသူတွေကို တိုက်ရိုက် တွေ့ဖို့၊ ဘင်္ဂလားဒေ့ရှ် အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ဖြစ်တယ်လို့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဘီဘီစီကို ပြောပါတယ်။

ကူတူးပလောင် ဒုက္ခသည်စခန်းက လူတွေနဲ့ တွေ့တဲ့အခါ မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်လာဖို့ အစီအစဉ်တွေနဲ့ ပတ်သက်လို့ မေးမြန်းကြည့်ခဲ့ရာမှာ သူတို့ ပြန်လာဖို့ လိုအပ်တဲ့ လျှောက်လွှာ ပုံစံတွေ မရခဲ့သလို တခါမှလည်း မတွေ့ဖူးဘူး ဆိုပြီး ပြန်ဖြေခဲ့ကြတယ်လို့ ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

ပြန်လာဖို့ သဘောတူကြောင်း၊ လက်မှတ်၊ လက်ဗွေ ပုံစံတွေကို ဒုက္ခသည်စခန်းက လူတွေ မရကြ၊ မသိကြတဲ့ အကြောင်းကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးကိုရော၊ ပြည်ထဲရေး ဝန်ကြီးကိုပါ ပြန် ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နယ်စပ်မျဉ်း ရောက်နေတဲ့ သူတွေ ကိစ္စနဲ့ တခြား ညှိနှိုင်းစရာ ရှိနေသေးတဲ့ ကိစ္စတွေကိုလည်း နှစ်ဘက် ပြေလည်အောင် ဆွေးနွေး နိုင်ခဲ့တယ်လို့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာ ဒုက္ခသည်တွေကို UEHRD ဝန်ကြီးသွားတွေ့

ဒေါက်တာဝင်းမြတ်အေး ခရီးစဉ် ဒုတိယနေ့

ဒုက္ခသည်စခန်းထဲ မဝင်ခင် အဲဒီစခန်းက အမျိုးသမီး ၄၊ ၅ယောက်လောက် ဗီနိုင်း ပိုစတာတွေ ကိုင်ပြီး ဆန္ဒပြခဲ့တဲ့ ကိစ္စကိုတော့ သူ့အနေနဲ့ သတိ မထားမိဘူးလို့ ဆိုပါတယ်။

ကူတူးပလောင် ဒုက္ခသည်စခန်းကို လှည့်လည် ကြည့်ရှုခဲ့ရာမှာ တောင်ကုန်းတွေပေါ်မှာ တဲအိမ်ငယ်လေးတွေ ပြည့်ကျပ် ဆောက်ထားတာ တွေ့ခဲ့ရပြီး နိမ့်တဲ့ အပိုင်းနဲ့ တောင်ကုန်းလျှောတွေမှာ ဆောက်ထားတဲ့ အိမ်တွေက မုတ်သုန်မိုး ရွာတဲ့အခါ၊ ရေကြီးတဲ့အခါမျိုးတွေမှာ ပြိုကျနိုင်မယ့် အခြေအနေမျိုး တွေ့ရတယ်လို့ ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

နေရပ် စွန့်ခွာသူတွေကို ပြန်လည် လက်ခံရေး အတွက် ပထမအသုတ် စာရင်းက ရှိနေပြီး ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က လျင်လျင်မြန်မြန် တုံ့ပြန် ဆောင်ရွက်နိုင်ရင်တော့ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်တွေ မြန်မြန်ဆန်ဆန် ပြီးစီးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ