စစ်မှုထမ်းဟောင်း ၁၉ဝဝ နီးပါးလည်း ပြန်လည် လွတ်မြောက်လာ

  • 17 ဧပြီ 2018
ဓာတ်ပုံ မူပိုင် Aung Nay Myo (Mon Ywar)
Image caption မုံရွာထောင်က လွတ်လာသူတွေ

မြန်မာ နှစ်ဆန်း ၁ ရက်နေ့ အခါသမယ၊ သမ္မတ ဦးဝင်းမြင့်ရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ နိုင်ငံရေး အကျဉ်းသား ၃၇ ယောက် အပါအဝင်၊ အကျဉ်းသားပေါင်း ရှစ်ထောင့်ငါးရာ ဝန်းကျင်၊ နိုင်ငံတဝန်း ထောင်အသီးသီးကနေ လွတ်မြောက် လာပါတယ်။

ဒါ့အပြင်၊ အပြင်မှာ ရှိနေကြတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ ထောင်ကြွေးကျန် တွေကိုလည်း ပယ်ဖျက် ပေးလိုက်တဲ့ အတွက် နိုင်ငံရေး အသိုင်းအဝိုင်းက ကြိုဆို နေကြပါတယ်။

အရင် အစိုးရတွေ လက်ထက် တုန်းကတော့ နိုင်ငံရေးသမား တွေကို လွတ်ငြိမ်း သက်သာခွင့် ပေးတဲ့နေရာမှာ နောက်တစ်ကြိမ် ပြစ်ဒဏ် တစုံတရာ ကျပြီဆိုရင်၊ လွတ်ငြိမ်းခွင့်ပေး စဉ်က ကျန်နေခဲ့တဲ့ ထောင်ကြွေးကျန်တွေကို ပေါင်းပြီး ကျခံရမယ့် စည်းကမ်း ကန့်သတ်ချက်မျိုး ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Aung Nay Myo (Mon Ywar)
Image caption နှစ်ဆန်းအခါ လွတ်ငြိမ်းခွင့်

မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင် ကိုင်တွယ်မယ့် အခြေခံ အယူအဆ သဘောထားတွေ တိုးတက် ပြောင်းလဲပြီး ၊ ဥပဒေပိုင်း ဆိုင်ရာ အပြောင်းအလဲ တွေပါ ပြုလုပ်နှင့်ပြီး ဖြစ်တာကြောင့် နှစ်ဆန်း ၁ ရက် လွတ်လာ ကြသူတွေကို ကြည့်ရင် မူးယစ် ဆေးဝါးနဲ့ ဆက်စပ်ပြီး ဖမ်းဆီး ထောင်ချ ခံထားရသူတွေ ၆ ထောင်ကျော် ပါဝင်တာ တွေ့ရပါတယ်။

အဲဒီသူတွေဟာ ထောင်နှစ်ရှည် ကျပြီးသူတွေနဲ့၊ လွတ်ဖို့ နီးသူတွေ ပါဝင်တယ် လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

တခါ၊ တပ်မတော် အက်ဥပဒေနဲ့ စစ်ခုံရုံးက ပြစ်ဒဏ် ချထားတဲ့ စစ်မှုထမ်းဟောင်းတွေ ထဲကလည်း အယောက် ၁၈၈ဝ ပြန်လွတ် လာပါတယ်။

ဒါ့အပြင်၊ အသက် ၇ဝနဲ့အထက်နဲ့ ကျန်းမာရေး မကောင်းသူ အယောက် ၇ဝ ၊ နိုင်ငံခြားသား ၅ဝ နီးပါး လည်း လွတ်မြောက်လာသူတွေထဲ ပါဝင်ပါတယ်။

Image caption သေဒဏ်ထိ ချခံခဲ့ရတဲ့ ဗိုလ်မှူးဝင်းနိုင်ကျော်

ပြန်လွတ်လာသူတွေထဲ လူအများ ထူးထူးခြားခြား အာရုံ စိုက်မိသူတွေထဲ တချိန်က နိုင်ငံတော် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး ၂ ဗိုလ်ချုပ်ကြီးတင်ဦးရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်မှူးဝင်းနိုင်ကျော်လည်း ပါဝင်ပြီး သူက သာယာဝတီထောင်ကနေ လွတ်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ စစ်အစိုးရလက်ထက် လျှိုဝှက် စီမံကိန်းတွေဖြစ်တဲ့ နျူကလီးယား ဓာတ်ပေါင်းဖို စီမံကိန်း၊ မြေအောက် လှိုဏ်ခေါင်း စီမံကိန်းနဲ့ မြောက်ကိုးရီးယား လက်နက်ဝယ်ယူရေး ခရီးစဉ် လျှို့ဝှက် မှတ်တမ်းတွေကို ပေါက်ကြား စေခဲ့တဲ့ အတွက် လို့ဆိုကာ ၂၀၀၉ ခုနစ် စက်တင်ဘာလမှာ ထိန်းသိမ်း ခံခဲ့ရပြီး ၂ဝ၁ဝ ဇန်နဝါရီလမှာ သေဒဏ်နဲ့ ထောင်ဒဏ် နှစ် ၂ဝ ချမှတ် ခံခဲ့ရတာဖြစ်ပါတယ်။

သူ့ကို ဖမ်းဆီးစဉ် သူ့ကွန်ပြူတာမှာ အထောက်အထားတွေ မတွေ့ရဘဲ စွပ်စွဲချက်တွေ ထင်မြင် ယူဆချက်တွေသာ ဖြစ်ပြီး မြောက်ကိုးရီးယား ကိစ္စတွေနဲ့ ပတ်သက်မှု မရှိဘူးလို့ အငြိမ်းစား ဗိုလ်မှူး ဝင်းနိုင်ကျော်က ဘီဘီစီကို ပြောပါတယ်။

မန္တလေး အိုးဘိုထောင်က လွတ်လာတဲ့ အကျဉ်းသား အကျဉ်းသူ ၄၆ဝ ထဲမှာ စစ်တပ်ကနေ လက်နက်နဲ့ တောခိုပြီး ကေအန်ယူထဲ ဝင်သွားပြီးမှ အဖမ်းခံရ၊ သေဒဏ် ချခံရတဲ့ ကိုသိန်းဇော် ခေါ် ရန်နိုင်စိုးလည်း ပါဝင်ပါတယ်။

အစိုးရသစ်ရဲ့ အခုလို လုပ်ဆောင်မှုကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ကြိုဆိုတယ် ဆိုပြီး ထုတ်ပြန်ရင်းမှာပဲ၊ နိုင်ကျဉ်းဟောင်းတွေရဲ့ အသက်မွေး ဝမ်းကျောင်းဆိုင်ရာ လိုင်စင်တွေကို ပြန်လည် ထုတ်ယူခွင့်ပေးဖို့နဲ့၊ အလုပ်ခေါ်စာ တွေမှာ ဆိုရင်လည်း နိုင်ငံရေး ပြစ်မှုနဲ့ ပြစ်ဒဏ် ကျခံရသူတွေ မပါဝင်စေရ ဆိုတဲ့ စကားစုကို ဖြုတ်ပေးဖို့ အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းအနေနဲ့ တောင်းဆို ထားတာ တွေ့ရပါတယ်။

ဆက်စပ် အကြောင်းအရာများ