စီးပွားရေး ပူးပေါင်းဖို့ ဗီယက်နမ်မှာ ဒေါ်စု ဆွေးနွေးမယ်

  • 18 ဧပြီ 2018

ဗီယက်နမ်နိုင်ငံကို ၂ ရက်ကြာသွားရောက်ဖို့ ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ခရီးစဉ် အတွင်း ၂ နိုင်ငံ ဆက်ဆံရေး၊ ရင်းနှီးမြုပ်နှံမှုနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေကို ဆွေးနွေးကြမှာလို့ မြန်မာ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအတွက် ဧပြီလ ၁၉ ရက် ကစလို့ ဗီယက်နမ်ကို ၂ ရက်ကြာ သွားရောက်ဖို့ ရှိနေပါ တယ်။

ခရီးစဉ်အတွင်း ဗီယက်နမ် ဝန်ကြီးချုပ်နဲ့ ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးတို့နဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဌာန လက်အောက်က နိုင်ငံရေးရာဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်က မြန်မာနိုင်ငံမှာ ရှိနေတဲ့ ဗီယက်နမ်ရဲ့ စီးပွားရေး လုပ်ငန်းတွေ ဘယ်လို တိုးမြှင့် ဆောင်ရွက်နိုင်မလဲဆိုတာတွေ ဆွေးနွေးဖို့ ရှိနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးနဲ့ ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီးတို့လည်း ဒီခရီးစဉ်မှာ လိုက်ပါသွားဖို့ ရှိပါတယ်။

ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာနက ကထိက ဒေါက်တာ သန်းလွင်ဦးက အနောက်နိုင်ငံတွေက ရင်းနှီးမြုပ်နှံဖို့ မဝံ့မရဲ ဖြစ်နေတဲ့ အချိန်မှာ တိုင်းပြည်ရဲ့ ရင်းနှီးမြုပ်နှံမှုကို သွားရှာတာလို့ သုံးသပ် ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်ဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ ၂ နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဗီယက်နမ်ကို သွားရောက် တာလည်း ဖြစ်ပါတယ်။

၂၀၁၇ နိုဝင်ဘာတုန်းကလည်း ဒေါ်ဆောင်ဆန်းစုကြည်ဟာ ဗီယက်နမ်မှာ ကျင်းပတဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးညီလာခံကို တက်ရောက်ခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ