မြန်မာ့ လူ့အခွင့်အရေးကော်မရှင် က လူ့အခွင့်အရေး ကို လုံလောက်စွာ ကာကွယ်ပေးနေလား

  • 18 ဧပြီ 2018
ဓာတ်ပုံ မူပိုင် Seng Mai
Image caption လက်နက်ကိုင်ပဋိပက္ခတွေ ရှိတဲ့နေရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှု တွေ တိုင်ကြားဖို့ ပင် ခက်ခဲ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ အစိုးရအနေနဲ့ နိုင်ငံသားတွေရဲ့ မူလ အခွင့်အရေးတွေ၊ အခြေခံရပိုင်ခွင့်တွေကို လူ့အခွင့်အရေးကော်မရှင်အနေနဲ့ နေရာ ဒေသမရွေး ကာကွယ်ပေးနိုင်ရေး အတွက် လုပ်ဆောင်သွားမယ်လို့ ထည့်သွင်းပြောကြားခဲ့ပေမယ့် တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ရှိနေဆဲဆိုတာ အခုချိန်ထိ ကြားနေ သိနေရဆဲဖြစ်ပါတယ်။

နိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဖြေရှင်းဆောင်ရွက်ပေးနေတာပါ။

အဖွဲ့ဝင် ၇ ဦး ပါဝင်တဲ့ ဒီကော်မရှင်ဟာ အစိုးရ က တာဝန်ပေးထားတဲ့အဖွဲ့ ဖြစ်လို့ သူတို့ရဲ့ အလုပ်အပေါ်မေးခွန်းထုတ်တာ တွေ လည်းရှိနေပါတယ်။

ကော်မရှင်အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိလာတယ်လို့ တိုင်ကြားစာတွေရလာတဲ့အခါမှာ ကွင်းဆင်း စစ်ဆေးတာတွေကို လုပ်ဆောင်သလို တချို့အခြေအနေတွေမှာတော့ တိုင်ကြားတာမျိုး မရှိပေမဲ့လည်း ကွင်းဆင်း စစ်ဆေးတာတွေကို လုပ်ဆောင်လေ့ရှိတယ်လို့ သိရပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လျှော့ချဖို့ဆိုရင် ပြည်သူတွေအကြား၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အကြား လူ့အခွင့်အရေး အသိပညာပေးတဲ့အပိုင်းကို ထိထိရောက်ရောက် လုပ်ဆောင်ဖို့လိုတယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ဘီဘီစီကိုပြောပါတယ်။

မြန်မာ့ လူ့အခွင့်အရေး အခြေအနေပိုဆိုး လာတယ်လို့ AI ပြော

လူ့အခွင့်အရေး ချိုးဖောက်သူ အားလုံးကို တကယ်အရေးယူနိုင်မလား

လူ့အခွင့်အရေးချိုးဖောက်မှုတွေ လျှော့ချဖို့ ကော်မရှင် က လက်ရှိ လုပ်ဆောင်နေတာတွေကိုထူးထူးခြားခြား ပြောင်းလဲသွားဖို့ မလိုအပ်ဘူးလို့ ကော်မရှင်ကပြောဆိုပေမဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကို အဓိက ဆောင်ရွက်နေတဲ့ Equality Myanmar အဖွဲ့ ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကတော့ လူအခွင့်အရေး ချိုးဖောက်ခံရမှုတွေ က နေရာတိုင်းမှာ ပုံစံအမျိုးမျိုး နဲ့ ရှိနေဆဲပဲဖြစ်ကြောင်း၊ အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခ တွေ ရှိနေတဲ့ ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ကို တိုင်ကြားဖို့ ပင် အခက်အခဲတွေ ရှိနေကြောင်း ပြောပါတယ်။

သူ က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တိုင်ကြားနိုင်ဖို့ လုပ်ငန်းယန္တရား ကို သေချာစွာ တည်ဆောက်ဖို့ လိုသလို ချိုးဖောက်သူတွေ ကို သေသေချာချာ အပစ်ပေး အရေးယူနိုင်ဖို့ စီစဉ် ဆောင်ရွက်ရမယ် လို့ လည်း ထောက်ပြပါတယ်။

နိုင်ငံတော်သမ္မတ ရဲ့ မိန့်ခွန်းထဲမှာ လူ့အခွင့်အရေးအတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ ကိုယ်တိုင် က မည်သူ တဦး တယောက်ရဲ့ အခြေခံ လူ့အခွင့်အရေး၊ လူသားဂုဏ်သိက္ခာကို မထိပါးစေဘဲ ဥပဒေနဲ့အညီ မျှတ မှန်ကန်စွာ ဆောင်ရွက်ဖို့ အလေးထားရမယ်လို့ ထည့်သွင်းပြောကြားထားပါတယ်။

ဒါပေမယ့်လည်း လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ တပ်မတော်နဲ့ သက်ဆိုင်တဲ့ အခွင့်အရေး ချိုးဖောက်မှုတွေကို ကိုင်တွယ်ဆောင်ရွက် တဲ့နေရာမှာတော့ မျှတအောင် လုပ်နိုင်စွမ်းရှိမရှိ ဆိုတာက မေးခွန်း ထုတ်စရာ ဖြစ်နေတယ်လို့ Equality Myanmar အဖွဲ့ က ထောက်ပြ ပြောဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ