IDP စခန်းတွေထဲ အခြေအနေ ဆိုးရွားနေတယ်လို့ မစ္စမြူလာပြော

  • 19 ဧပြီ 2018
ဓာတ်ပုံ မူပိုင် UN News
Image caption လွတ်လွတ်လပ်လပ် သွားလာ လှုပ်ရှားခွင့် မရှိပဲ ကန့်သတ် ခံနေရ

ရခိုင်ပြည်နယ်ထဲ ဆက်လက် ကျန်နေရစ်ခဲ့တဲ့ ရိုဟင်ဂျာ မွတ်ဆလင် ၄ သိန်းကျော်ရဲ့ အရေးကိုလည်း မေ့မထားဖို့ ကုလသမဂ္ဂ လူသားချင်း စာနာ နားလည်မှု ဆိုင်ရာ အကူအညီ ပေးရေး လက်ထောက် အတွင်းရေးမှူးချုပ် အာဆူလာ မြူလာက ထောက်ပြ ပြောဆိုပါတယ်။

ရခိုင်ပြည်နယ် IDP စခန်းတွေထဲ နေထိုင်နေရတဲ့ သူတွေဟာ လွတ်လွတ်လပ်လပ် သွားလာ လှုပ်ရှားခွင့် မရှိပဲ ကန့်သတ် ခံနေရတယ်၊ ကျန်းမာရေးနဲ့ ပညာရေး ဆိုင်ရာ အထောက်အပံ့မျိုးတွေလည်း ရှိမနေဘူးလို့ မစ္စမြူလာက နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ သတင်းထောက်တွေကို အခုရက်ပိုင်းကပဲ ပြောဆို ခဲ့တာပါ။

ဒါ့ကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တွေ ပြန်ဝင်လာ စေချင်ရင်၊ မြန်မာ အာဏာပိုင်တွေ အနေနဲ့ ရခိုင်ပြည်နယ်ထဲ ရှိနေတဲ့ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးကို ဖော်ဆောင်ပေးမှ ဖြစ်မယ်လို့လည်း မစ္စမြူလာက ထောက်ပြ ပြောဆိုပါတယ်။

Image caption ကော့ဆက်ဘဇားနယ်ထဲက ရိုဟင်ဂျာ ဒုက္ခသည် စခန်း

ကုလသမဂ္ဂ အနေနဲ့ အကူအညီတွေ ပေးဖို့ လုပ်ဆောင်ရာမှာ၊ မြန်မာ အစိုးရ ဗျူရိုကရေစီ ယန္တရားရဲ့ ကြန့်ကြာမှုတွေ၊ စွက်ဖက်မှုတွေ ကြုံနေရတဲ့ အတွက်၊ လူသားချင်း စာနာ နားလည်မှုဆိုင်ရာ အကူအညီ ပေးရေး ကိစ္စတွေမှာ၊ နိုင်ငံတကာ ဥပဒေနဲ့ အညီ ဆောင်ရွက်ဖို့ မြန်မာအစိုးရကို မေတ္တာရပ်ခံခဲ့တယ် ဆိုပြီးတော့လည်း မစ္စမြူလာက ပြောပါတယ်။

မြန်မာ အစိုးရ အနေနဲ့လည်း ဒုက္ခသည် ပြန်လည် လက်ခံရေးသာမက၊ ရခိုင်ပြည်နယ်ထဲ ရေရှည် ဖွံ့ဖြိုး တိုးတက်ဖို့ ဆိုပြီး UEHRD ဆိုတဲ့ ပြည်ထောင်စု အဆင့် အဖွဲ့အစည်း ဖွဲ့ထားပြီး စီမံ ဆောင်ရွက် နေတာတွေ ရှိပါတယ်။

Image caption ကချင်ဒုက္ခသည်တွေလည်း အိမ်မပြန်နိုင်သေး

UEHRD ရဲ့ အစီအအမံနဲ့ Redcross Movement ဆိုပြီး နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့နဲ့ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းတို့ ပူးပေါင်းပြီး ရခိုင်ပြည်နယ်ထဲ အကူအညီပေးရေးတွေ တောက်လျှောက် လုပ်ဆောင်နေတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ဘီဘီစီကို ပြောပါတယ်။

ကချင်ပြည်နယ်ထဲမှာလည်း စစ်ပွဲတွေ ဆက်လက် ရှိနေဆဲမို့၊ အရပ်သားတွေ ထိခိုက် နေရတယ်လို့ ပြောဆိုခဲ့တဲ့ မစ္စမြူလာ ကတော့ ၊ မြန်မာနိုင်ငံ ကြုံတွေ့နေရတဲ့ အခက်အခဲ ပြဿနာတွေ ဖြေရှင်းရာမှာ နိုင်ငံတကာ စံနှုန်းစံထားတွေနဲ့ အညီ အစိုးရကိုရော၊ ခံစားနေရတဲ့ လူမှုအသိုင်းအဝိုင်းတွေကိုပါကုလသမဂ္ဂက အကူအညီပေးမယ် ၊ IDP စခန်းတွေက သူတွေ နေရပ်ရင်း ပြန်နိုင်ဖို့ ရေရှည် တည်တံ့မယ့် အဖြေမျိုး ရအောင် ဝိုင်းဝန်း လုပ်ဆောင်မယ် ဆိုပြီး ပြောဆို ထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဒေါက်တာအောင်ထွန်းသက်နဲ့ ဘီဘီစီ တွေ့ဆုံမေးမြန်း