ရဲမိသားစုကို ဘာ့ကြောင့် အိမ်ရွှေ့ပြောင်းခိုင်းသလဲ

  • 21 ဧပြီ 2018
ဓာတ်ပုံ မူပိုင် EPA
Image caption ရိုက်တာသတင်းထောက်တွေကို ထောင်ဖမ်းတာလို့ တရားရုံးမှာထွက်ဆိုခဲ့သူ ဒုရဲမှူးမိသားစုကို ရဲလိုင်းခန်းအိမ်ကရွှေ့ပြောင်းခိုင်း

ဒုရဲမှူးမိုးရန်နိုင်ရဲ့ မိသားစုကို နေပြည်တော်တိုင်း ရဲတပ်ဖွဲ့ လိုင်းခန်းကနေ ရွှေ့ပြောင်းခိုင်းတာဟာ သူ့ရဲ့ တရားရုံးထွက်ဆိုချက်ကြောင့် မဟုတ်ဘူးလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းပြန်ကြားရေးက တာဝန်ရှိသူ ရဲမှူးကြီးမျိုးသူစိုး က ဘီဘီစီကို ပြောပါတယ်။

ဒုရဲမှူး မိုးရန်နိုင်က ရိုက်တာသတင်းထောက်တွေကို ရဲမှူးချုပ်တင်ကိုကိုရဲ့ အမိန့်နဲ့ ထောင်ဖမ်းခဲ့တာလို့ ဧပြီလ ၂၀ ရက်နေ့က တရားရုံးမှာ ထွက်ဆိုခဲ့ပြီးနောက် သူ့မိသားစုကို နောက်တနေ့မနက်မှာ ရဲတပ်ဖွဲ့လိုင်းခန်းကနေ ချက်ချင်း ထွက်ခွာပေးဖို့ ရဲတပ်ဖွဲ့က အကြောင်းကြားခဲ့ပါတယ်။

တရားရုံးမှာ သက်သေထွက်ဆိုပြီး နောက်တနေ့မှာ အခုလိုရွှေ့ပြောင်းခိုင်းတာဟာ ဘာ့ကြောင့်လဲလို့ ဘီဘီစီက မေးမြန်းရာမှာ တရားရုံးထွက်ဆိုချက်ကြောင့် မဟုတ်ဘူးလို့ ရဲမှူးကြီးမျိုးသူစိုးက ငြင်းခဲ့ပါတယ်။

ဒုရဲမှူး မိုးရန်နိုင်က နေပြည်တော်တိုင်း ရဲတပ်ဖွဲ့ကနေ ရန်ကုန်၊ ပျဉ်းမပင်မှာရှိတဲ့ အမှတ် ၈ လုံခြုံရေးရဲတပ်ရင်းကို ရွှေ့ပြောင်းဖို့ လွန်ခဲ့တဲ့ ၉ လကတည်းက ပြောင်းရွှေ့မိန့်ထုတ်ထားပြီး ဖြစ်တဲ့အတွက် မိသားစုကပါ လွန်ခဲ့တဲ့ ၉ လကတည်းက ပြောင်းရွှေ့ရမှာဖြစ်တယ်လို့ ရဲမှူးကြီး မျိုးသူစိုးကဆိုပါတယ်။

ဒါပေမယ့် ဒုရဲမှူးမိုးရန်နိုင်မိသားစုမှာ ဆယ်တန်းကျောင်းသားတယောက်ရှိတဲ့ အတွက် ဆယ်တန်းစာမေးပွဲပြီးတဲ့အထိ ဆက်လက်နေထိုင်ခွင့်ပြုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အခုစာမေးပွဲပြီးပြီဖြစ်လို့ ၁ ရက် ၂ ရက်အတွင်း ပြောင်းရွှေ့ဖို့ သက်ဆိုင်ရာက ခိုင်းစေခဲ့တာလို့ ဆိုပါတယ်။

ဒုရဲမှူး မိုးရန်နိုင်ရဲ့ ဇနီးဒေါ်တူးတူးကတော့ သူ့ကို ချက်ချင်း လိုင်းခန်းကနေ ထွက်ခွာခိုင်းတယ်လို့ဆိုပြီး အမှန်တကယ်လည်း ထွက်ခွာခဲ့ပါတယ်။

ဒုရဲမှူး မိုးရန်နိုင်ဟာ ခွင့်ပြုချက်မရဘဲ မသက်ဆိုင်တဲ့သူတွေကို သတင်းအချက်အလက်ပေးခဲ့တဲ့ အတွက် ပြစ်ဒဏ်ချမှတ်ပြီးသားလို့လည်း ရဲမှူးကြီး မျိုးသူစိုးကပြောပါတယ်။ အပြစ်ရှိကြောင်းကိုလည်း ရဲစခန်းမှာစစ်ဆေးရာမှာ ဒုရဲမှူး မိုးရန်နိုင်က ဝန်ခံထွက်ဆိုပြီးသားလို့လည်း သူက ပြောပါတယ်။

ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာမှာ လူ ၁၀ ယောက်ကို အစုအပြုံလိုက်သတ်ဖြတ်မှု အတွက် ရိုက်တာ သတင်းထောက်နှစ်ယောက် သတင်းစုံစမ်းခဲ့ရာမှာ သူတို့ဟာ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ငြိစွန်းတယ်ဆိုပြီး တရားစွဲဆိုခံထားရသလို ဒုရဲမှူး မိုးရန်နိုင်ဟာလည်း အချက်အလက် တရားမဝင်ပေးသူအဖြစ် အစွပ်စွဲ ခံထားရတာဖြစ်ပါတယ်။

ဒုရဲမှူး မိုးရန်နိုင်ကတော့ အချက်အလက်တွေ တရားမဝင်မပေးခဲ့ကြောင်း ငြင်းဆိုပြီး ရိုက်တာသတင်းထောက်နှစ်ယောက်ကို ထောင်ဖမ်းခဲ့တာသာဖြစ်တယ်လို့ တရားရုံးမှာထွက်ဆိုခဲ့တာဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ