ဆီးရီးယား ဓာတုလက်နက် စစ်ဆေးဖို့ နိုင်ငံတကာအဖွဲ့ရောက်

  • 22 ဧပြီ 2018
ဓာတ်ပုံ မူပိုင် AFP
Image caption OPCW အဖွဲ့ဝင်တွေ ဝတ်ဆင်မယ့် ကျည်ကာအင်္ကျီ ပုံစံနဲ့ ခေါင်းဆောင်းတွေ The Hague မြို့မှာ ပြသထားပုံ

ဆီးရီးယား အစိုးရ တပ်တွေ က ဓာတုလက်နက်သုံးတိုက်ခိုက်ခဲ့တယ် ဆိုတဲ့ ဒူးမားမြို့ကို နိုင်ငံတကာ ကျွမ်းကျင်သူတွေ က စစ်ဆေးဖို့ အတွက် အရောက်သွားနိုင်ခဲ့ကြပါပြီ။

ဓာတုလက်နက်များတားဆီးပိတ်ပင်ရေးအဖွဲ့ OPCW အဖွဲ့ က စေလွှတ်လိုက်တဲ့ အဖွဲ့ဝင် ၉ ယောက်ပါအဖွဲ့ ဟာ အဲဒီမြို့ထဲ မှာ ဓာတုအဆိပ်ဗုံး နဲ့တိုက်ခိုက်တာ ခံခဲ့ရတယ် ဆိုတဲ့ နေရာ ၂ ခု ထဲက တ ခု ကို သွားခဲ့ပြီးတော့ စမ်းသပ်စစ်ဆေးစရာ နမူနာတွေ ကို စုဆောင်းယူခဲ့ကြတယ်လို့ အဲဒီ အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီအဖွဲ့ဟာ အခုလို ဒူးမား ကို သွားရောက်ခွင့်ရဖို့အတွက် ဆီးရီးယား မြို့တော် ဒမတ်စကပ်မှာ တင် ရက်သတ္တပတ်လောက် စောင့်ဆိုင်းခဲ့ရတာပါ။

အရင်တုံးက ဗုဒ္ဓဟူးနေ့ကတည်းက သွားဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပြီး ကုလသမဂ္ဂ က အဲဒီ သွားမယ့်အဖွဲ့ အန္တရာယ် များမများ စစ်ဆေးတာ လုပ်စဉ်မှာ ပဲ အင်္ဂါနေ့က တိုက်ခိုက်မှု ခံရလို့ ရွှေ့ဆိုင်းခဲ့ရတာပါ။

ဒူးမားမှာ ဓာတုလက်နက်သုံးတိုက်ခိုက် ခဲ့တယ် ဆိုတဲ့ နေ့ က ဧပြီလ ၇ ရက်နေ့ကပါ။

ဓာတုလက်နက်သုံးတိုက်ခိုက်မှုကြောင့် လူပေါင်း ၄၀ ကျော်သေဆုံးခဲ့ရတယ် လို့ ဆိုကြပါတယ်။

အဲဒီအတွက်ကြောင့်ပဲ ပြီးခဲ့တဲ့ အပတ် က အမေရိကန်၊ဗြိတိန်နဲ့ ပြင်သစ်တို့ က ဆီးရီးယား ကို မစ်ဇိုင်းဒုံးကျည်တွေ နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

သူတို့ဆီမှာ ဆီးရီးယား တို့ ဓာတုလက်နက်တွေသုံးကြောင်း သက်သေပြချက်တွေ ရထားပြီလို့ ဆိုပါတယ်။

သူတို့အဆိုအရ ဓာတုလက်နက်တွေ ထုတ်လုပ်နေတဲ့နေရာ ၊ သိမ်းဆည်းထားတဲ့နေရာတွေ ကိုတိုက်ခိုက်တာလို့ ပြောပါတယ်။

ဆီးရီးယားက သူတို့ ဓာတုလက်နက်တွေ မသုံးကြောင်း ငြင်းပါတယ်။

ဆီးရီးယား အစိုးရ ကို နောက်ခံရပ်ပေးထားတဲ့ ရုရှားကတော့ အမေရိကန်နဲ့ အပေါင်းပါတွေ ရဲ့ လုပ်ရပ်ဟာ စစ်ပြုတာသာ ဖြစ်တယ်လို့ ပြောထားပါတယ်။

အမေရိကန်နဲ့မဟာမိတ်တွေ ကလည်း ဆီးရီးယား ကနေ နိုင်ငံတကာ က စစ်ဆေးသူတွေ ကို ဝင်ခွင့်ပေးဖို့ အချိန်ဆွဲနေတာဟာ ဓာတုလက်နက်သုံးထားကြောင်း လက်ကျန် အထောက်အထားတွေ မရှိတော့အောင် ရည်ရွယ်လုပ်ဆောင် နေတာလို့ စွပ်စွဲထားပါတယ်။

အခုတော့ OPCW အဖွဲ့က ဝင်ခွင့်ရခဲ့ပါပြီ။

သူတို့ ဆန်းစစ်ချက်တွေ ဘယ်လို အရေးပါ မှာပါလဲ။

လိဒ်စ် တက္ကသိုလ် က သဘာဝပတ်ဝန်းကျင် အဆိပ်အတောက်ဆိုင်ရာ ပညာရပ်နဲ့ ပတ်သက်လို့ ကျွမ်းကျင် တဲ့ ပညာရှင် ပါမောက္ခ အလက်စတာ ဟေး က ပတ်ဝန်းကျင်နဲ့ ခံခဲ့ရတဲ့ လူတွေ ရဲ့ ကြွင်းကျန်ရုပ်ကလာပ်တွေမှာ ဓာတု အဆိပ်ဓာတ် ဆိုတာ အခုလို ကာလ အထိ ကျန်ရစ်နိုင်ကြောင်း အေအက်ဖ်ပီ သတင်းဌာန ကို ပြောပါတယ်။

ဆာရင်း ဓာတ်ငွေ့တို့လို အဆိပ်တွေ က ပတ်ဝန်းကျင်မှာ ရက်သတ္တပတ် များစွာ ကျန်ရစ်နိုင်ပါတယ်။ ထိခိုက်သေဆုံးခဲ့ရတဲ့ လူကို ခွဲစိတ်စစ်ဆေးမယ် ဆိုရင်လည်း သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေမှာ အဆိပ်ဓာတ်တွေ ကျန်ရစ်နိုင်ကြောင်း ပြောပါတယ်။

ဆီးရီးယား မှာ ဒီ ဓာတု လက်နက်အရေး နဲ့ပတ်သက်ပြီး အကြပ်အတည်းဆိုက်နေပြီးတော့ အခု နိုင်ငံတကာ OPCW အဖွဲ့ ရဲ့တွေ့ရှိချက်တွေ ထွက်လာဖို့ ရှိနေပါပြီ။ ဆီးရီးယား အစိုးရ က အဆိပ်ဓာတ်ငွေ့တွေ မသုံးကြောင်း ငြင်းပေမယ့် အခု ပြည်တွင်းစစ်အတွင်း အရင် က ၄ ကြိမ်သုံးခဲ့ဖူးတဲ့ အထောက်အထားတွေ ကို ကုလသမဂ္ဂနဲ့ OPCW က ကျွမ်းကျင်သူတွေ ရရှိခဲ့ဖူးပါတယ်။

အဲဒီ ၄ ကြိမ်ထဲမှာ ပြီးခဲ့တဲ့ နှစ် ခန်း ရှိတ် ဟွန်း မြို့မှာ သူပုန်တွေ နဲ့တိုက်ပွဲဖြစ်တုံးက ဆီးရီးယား အစိုးရ က ဆာရင်း ဓာတ်ငွေ့သုံးခဲ့တဲ့ အကြိမ်လည်း ပါဝင်ပါတယ်။

ဆက်စပ် အကြောင်းအရာများ