စစ်တိုင်းမှူး အနည်းဆုံး ၇ ယောက်ကို နေရာချင်းလဲ

  • 23 ဧပြီ 2018
Image caption စစ်တိုင်းမှူးတွေ အစုလိုက် နေရာချင်းပြောင်း

နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး နေရာနဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး နေရာကသူတွေကို တစ်နေရာနဲ့ တစ်နေရာ လဲလိုက် သလို၊ နောက်ထပ် တိုင်းမှူး နေရာ အနည်းဆုံး ၇ နေရာက ဗိုလ်ချုပ်တွေကိုလည်း တစ်နေရာနဲ့ တစ်နေရာ နေရာတွေ ပြောင်းရွှေ့ လာပါတယ်။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နဲ့ တြိဂံတိုင်း စစ်ဌာနချုပ်က တိုင်းမှုးတွေ နေရာချင်းလဲ ခဲ့သလို၊ အနောက်တောင်ပိုင်းနဲ့ မြောက်ပိုင်းတိုင်း တိုင်းမှူးတွေကိုလည်း နေရာချင်းလဲ ခဲ့ပါတယ်။

ထွက်ပေါ်လာတဲ့ သတင်းတွေအရ အရှေ့ပိုင်းတိုင်းနဲ့ ကမ်းရိုးတန်း ဒေသတိုင်းမှူးတွေလဲ နေရာချင်းလဲတဲ့ အထဲ ပါဝင်ပါတယ်။

အခုလို စစ်တိုင်းမှူးတွေ အစုလိုက် နေရာချင်း ပြောင်းတာမျိုး အရင်က မတွေ့ဖူးဘူးလို့ လေ့လာသူ တချို့က ဆိုပါတယ်။

ဒါဟာ ရုတ်တရက် ပြောင်းတာမျိုးတော့ မဟုတ်ဘူး၊ တပ်မတော်က ကြိုတင် စီမံ ထားတဲ့အတိုင်း ပြုလုပ်တာလို့ သုံးသပ်ကြတဲ့ စစ်ရေးသုတေသီ တွေလည်း ရှိပါတယ်။

တစ်နေရာထဲမှာ အကြာကြီး မထားပဲ ၊ မတူညီ ကွဲပြားတဲ့ ပထဝီ နယ်မြေမျိုးတွေမှာ ကိုင်တွယ်နိုင်စေဖို့ အခုလို နေရာချင်း လဲတာ ဖြစ်နိုင်တယ်လို့ သေနင်္ဂ မဟာဗျူဟာ လေ့လာရေး အဖွဲ့က အမှုဆောင် ဒါရိုက်တာ ဦးသိန်းထွန်းဦးက ဘီဘီစီကို ပြောပါတယ်။

Image caption တိုင်းမှူး ဗိုလ်ချုပ်တွေကိုတစ်နေရာနဲ့ တစ်နေရာ နေရာတွေ ပြောင်း

တပ်မတော် အနေနဲ့ မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းဖို့ ရာထူး နေရာ အရွှေ့အပြောင်းတွေ ၂ဝ၁ဝ နောက်ပိုင်း ပြုလုပ် လာလေ့ရှိတာကို တွေ့ရပြီး၊ အခုတခေါက်မှာတော့ မတူတဲ့ နယ်မြေတွေမှာ အတွေ့အကြုံ ရစေဖို့ ရည်ရွယ်တာမျိုးပဲ ဖြစ်နိုင်တယ်လို့ ဦးသိန်းထွန်းဦးက ဆိုပါတယ်။

နေရာချင်းလဲလာတဲ့ အထဲ၊ စစ်ရေးတင်းမာမှုတွေ ရှိနေတဲ့ ကချင်ပြည်နယ် နဲ့ ရှမ်းပြည် မြောက်ပိုင်း အခြေစိုက် စစ်တိုင်းမှူးတွေ နေရာလည်း ပါဝင် နေတာ တွေ့ရပါတယ်။

ဆက်စပ် အကြောင်းအရာများ